ဖေ့စ်ဘွတ်ခ်သတင်းလောက်ဖတ်ပြီး လက်လွတ်စပယ် မပြောရန် သမ္မတရုံး သတိပေး
DVB
·
June 7, 2019
အကျဉ်းထောင်ဆူပူမှုတွေနဲ့ ပတ်သက်ပြီး တစညပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာကျော်ဆွေရဲ့ ပြောဆိုချက်တွေဟာ မှားယွင်းကြောင်းနဲ့ ဖေ့စ်ဘွတ်ခ် သတင်းလောက်ဖတ်ပြီး လက်လွတ်စပယ်မပြောဖို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတိပေး လိုက်ပါတယ်။
နေပြည်တော်မှာ ဇွန်လ ၅ ရက်က ကျင်းပတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ် နိုင်ငံရေးပါတီတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟို အလုပ်အမှုဆောင် ဒေါက်တာကျော်ဆွေက ထောင်ဆူပူနဲ့ ပတ်သက်ပြီး အများက ဝေဖန်နေကြသလို လက်မဲကြီးကြောင့် မဟုတ်ဘဲ လက်နီကြီးကြောင့်ဖြစ်တယ်လို့ ပြောခဲ့တာပါ။
ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “မီးတကျီကျီနဲ့ နိုင်ငံရေးသခွပ်ပင်လိုမျိုးလုပ်တော့မယ် ဆိုရင် သေသေချာချာ လေ့လာစုံစမ်းပြီးမှ ပြောဆိုဖို့၊ လုပ်ကိုင်ဖို့ ပြောချင်တယ်။ မဟုတ်ရင် ဥပဒေကြောင်းအရ ငြိစွန်းသွားမယ်ဆိုရင် သူတို့ အတွက်လည်း အများကြီး နစ်နာပါတယ်။ အခုတော့ ပြောချင်တာက တည်ဆဲအစိုးရ၊ သူတို့ ပြောနေတာက ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တာဝန်ရှိသူတွေကို အပုပ်ချရာ ရောက်နေတယ်လို့ သတိပေးပါတယ်။ ကျနော်တို့က နားလည်ပါတယ်။ နိုင်ငံရေးပါတီတွေက နိုင်ငံရေးလုပ်မှာပဲ။ နိုင်ငံရေးက ညစ်ပတ်သလား၊ နိုင်ငံရေးသမားတွေက ညစ်ပတ်သလား ဆိုတာမျိုးတွေ ဗိုလ်ချုပ်အောင်ဆန်း ခေတ်မှာကတည်းက ပြောခဲ့ကြတာတွေ ရှိပါတယ်။ ဒါပေမယ့် စကားနောက်တရားပါ၊ အချက်အလက် အမှားအယွင်းတွေကို အခြေခံပြီး ဖေ့စ်ဘွတ်ခ် သတင်းလောက်ကို ဖတ်ပြီး လက်လွတ်စပယ် မပြောမိဖို့ သတိပေးချင်ပါတယ်။” လို့ပြောပါတယ်။
သမ္မတအိမ်တော် သတင်းထောက်တွေရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်အုပ်စုမှာ ပြောထားတာဖြစ်ပြီး အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့ကိစ္စကို နိုင်ငံတော်သမ္မတက မူဝါဒသာ ချပေးလိုက်တာဖြစ်တယ်၊ အသေးစိတ် လူစာရင်းကို အကျဉ်းဦးစီးဌာနနဲ့ ပြည်ထဲရေးဌာနက လုပ်ဆောင်တာလို့ လည်း ဦးဇော်ဌေးက ပြောပါတယ်။
“ထောင်ဆူတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောသွားတာတွေက မှားနေတယ်။ နောက် စိတ်မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မူးယစ်ဆေးအမှုတွေနဲ့ ပတ်သက်လို့ ဥပဒေ မပြင်ရခင်က အကျဉ်းကျခံနေရတဲ့ အရေအတွက် အတော်များပါတယ်။ နိုင်ငံတော်သမ္မတကြီးက လိုလားချက်ကိုပဲ ပြောလိုက်တာပါ။ သက်ကြီးရွယ်အို အကျဉ်းသားတွေ၊ အသက်ငယ်ရွယ်သူတွေ၊ နောက် ဆေးပြား ၁၀၀နဲ့ အောက်မိတဲ့သူတွေ။ ဒါတွေကို အဓိက ထားပြီး လွှတ်ဖို့ တင်ပြခိုင်းတာပါ။ တကယ်တမ်း စာရင်းဇယားနဲ့ လုပ်တာက ပြည်ထဲရေးဝန်ကြီး ဦးဆောင်ပြီး အကျဉ်းဦးစီးက အသေးစိတ် လုပ်တာ ဖြစ်ပါတယ်။ နောက် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အသနားခံ တင်ပြစာတင်လာတဲ့ သူတွေ။ ဒါတွေကို ထည့်သွင်း စဉ်းစားသုံးသပ် ဆောင်ရွက်တာ ဖြစ်ပါတယ်။ ရှင်းအောင် ပြောရရင် မူပဲ ချပေးတာ၊ အသေးစိတ် လူစာရင်းကို အကျဉ်းဦးစီးနဲ့ ပြည်ထဲရေးက လုပ်တာ။ ပြန်လွှတ်မယ် ဆိုတဲ့အခါ ထောင်တွေ များနေလို့ အထက်၊ အောက် ခွဲပြီး လွှတ်ဖို့ စီစဉ်တာပါ။”လို့ပြောပါတယ်။
သေဒဏ် ၃ ကြိမ် ကျခံထားရတဲ့ အကျဉ်းသားတဦး ပြန်လွတ်လာတယ် ဆိုတဲ့ သတင်းကလည်း သတင်းမှားဖြစ်တဲ့အကြောင်းနဲ့ ထောင်တွေမှာ ဆူပူတဲ့ အကြောင်းရင်းကိုလည်း စိစစ်ဖော်ထုတ်အရေးယူနေသလို အကျဉ်းထောင်ထဲကနေ မိုဘိုင်းဖုန်း အသုံးပြု Live လွှင့်တဲ့ကိစ္စ တာဝန်ရှိသူတွေကို ဖော်ထုတ် နေတယ်လို့ လည်းပြောပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မြန်မာ နှစ်ဆန်း ၁ ရက်ကစပြီး တလအတွင်း လွတ်ငြိမ်း သက်သာခွင့် ၃ ကြိမ်ပေးပြီး အကျဉ်းသား ၂၃၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ရာမှာ ပြန်မလွတ်သေးသူတွေက တန်းတူအခွင့်အရေး ရရှိရေးအတွက် ထောင်မှာ ဆန္ဒပြဆူပူခဲ့ကြတာပါ။
သမ္မတ လွတ်ငြိမ်းသက်သာခွင့်ကို အကြောင်းပြုပြီး မေ ၈ ရက်နဲ့ ၉ ရက်နေ့တွေက ကလေးနဲ့ ဘားအံ၊ ရွှေဘို၊ မြစ်ကြီးနား၊ ထားဝယ်၊ သာယာဝတီနဲ့ ပုသိမ် စတဲ့ အကျဉ်းထောင်တွေမှာ ထောင်သားတွေဆူပူခဲ့ကြပြီး ရွှေဘိုအကျဉ်းထောင်မှာတော့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အကျဉ်းသား ၄ ဦး သေဆုံးခဲ့ပါတယ်။
အဆိုပါ အကျဉ်းထောင်ဆူပူမှုတွေမှာ အကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေဟာ ထပ်တူထပ်မျှ ဖြစ်နေတဲ့အပြင် အကျဉ်းသားတချို့က ထောင်ဆူပူမှုကို ဖုန်းနဲ့ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။
အကျဉ်းထောင်ဆူပူမှုတွေဟာ ချိတ်ဆက်မှုတွေနဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေတယ်လို့ သုံးသပ်ရတာကြောင့် ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးမယ်လို့ သမ္မတရုံးက မေ ၉ ရက်က ထုတ်ပြန်ထားပါတယ်။