ဗီယက်နမ်က ရေပန်းစားနေပေမယ့် ၁၁ ယောက်၊ ၁၁ ယောက်ချင်း ယှဉ်ကစားရတာပါ – မြန်မာယူ ၂၃ နည်းပြချုပ်

ဓာတ်ပုံ - MFF
2.1K
ဗီယက်နမ်အသင်းဟာ ဆီးဂိမ်းမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေပေမယ့် ၁၁ ယောက်ချင်းစီ ယှဉ်ပြိုင်ကစားရတာကြောင့် အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်လို့ မြန်မာယူ ၂၃ အသင်း နည်းပြချုပ်က ပြောပါတယ်။
ဗီယက်နမ်နိုင်ငံ ဗီယက်ထရွိုင်မြို့မှာ ခြေစမ်းပွဲကစားမယ့် ဗီယက်နမ်ယူ ၂၃ အသင်းနဲ့ မြန်မာယူ ၂၃ အသင်းတို့ရဲ့ ပွဲစဉ်မတိုင်မီ နှစ်ဖက်အသင်း အုပ်ချုပ်သူ၊ နည်းပြတွေရဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ဇွန် ၆ ရက် မွန်းလွဲပိုင်းက ဗီယက်ထရွိုင်ကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။
ဗီယက်နမ်ယူ ၂၃ အသင်းဟာ လက်ရွေးစင်အသင်းနဲ့အတူ ထိုင်းဘုရင့်ဖလား ကစားနေတဲ့ ကစားသမားတချို့ မပါဝင်နိုင်တာနဲ့ ပတ်သက်ပြီး ဗီယက်နမ် မီဒီယာတွေရဲ့ မေးမြန်းမှုကို မြန်မာယူ ၂၃ အသင်း နည်းပြချုပ် မစ္စတာပိုပေါ့ဗ်က အခုလို ပြောပါတယ်။
"အဓိက ကစားသမားတချို့ ပါခြင်း မပါခြင်းထက် ဗီယက်နမ်အသင်းက ဆီးဂိမ်းစ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်း ဖြစ်တာကြောင့် ဒီခြေစမ်းပွဲက ကျနော်တို့အတွက် အကျိုးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့အနေနဲ့ ဆီးဂိမ်းစ်မှာ အောင်မြင်မှုကြီး တခုခု ရချင်တယ်ဆိုရင် ဗီယက်နမ်လို ပြိုင်ဘက်ကောင်းမျိုးနဲ့ ကောင်းကောင်းကစားနိုင်ဖို့ လိုပါတယ်။"
ဒါ့အပြင် ခြေစမ်းပွဲကို အကောင်းဆုံး ကြိုးစားသွားမယ်လို့ မြန်မာနည်းပြက ပြောပါတယ်။
"ဗီယက်နမ်က ရေပန်းစားနေတယ် ဆိုပေမယ့်လည်း ၁၁ ယောက်၊ ၁၁ ယောက်ချင်း ယှဉ်ကစားရတာပါ။ အကောင်းဆုံး ကြိုးစားသွားမှာဖြစ်လို့ ပွဲရလဒ်နဲ့ ကျနော်တို့ရဲ့ ခြေစွမ်းကိုတော့ မနက်ဖြန်မှပဲ ကြည့်ကြတာပေါ့။"
ဗီယက်နမ်နည်းပြချုပ် ပတ်ဟန်ဆိုးမှာ စီနီယာအသင်းကို ကိုင်တွယ်နေတာကြောင့် သတင်းစာရှင်းလင်းပွဲကို တက်ရောက်နိုင်ခြင်း မရှိဘဲ လက်ထောက်နည်းပြသာ တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် ပတ်ဟန်ဆိုးဟာ ဇွန် ၇ ရက် ကစားမယ့် ခြေစမ်းပွဲမှာ ဗီယက်နမ် ယူ ၂၃ အသင်းကို ကိုင်တွယ်မယ်လို့ သိရပါတယ်။
ဗီယက်နမ်ယူ ၂၃ အသင်းနဲ့ မြန်မာယူ ၂၃ အသင်းတို့ရဲ့ ခြေစမ်းပွဲကို ဇွန် ၇ ရက်၊ မြန်မာစံတော်ချိန် ည ၇း၃၀ နာရီ ပရိသတ် ၁၇,၀၀၀ ဆန့် ဗီယက်ထရွိုင်ကွင်းမှာ ယှဉ်ပြိုင်ကစားမှာပါ။
ရုပ်သံအနေနဲ့ ဗီယက်နမ်ရုပ်သံလိုင်း VTC၊ အွန်လိုင်းအနေနဲ့ VFF youtube channel တို့ကနေ တိုက်ရိုက်ထုတ်လွှင့် ပြသမယ်လို့ သိရပါတယ်။
ခြေစမ်းပွဲမှာ အိမ်ရှင် ဗီယက်နမ်အသင်းက အနီရောင်ဂျာစီ ဝတ်ဆင်မှာဖြစ်ပြီး မြန်မာအသင်းက အဖြူရောင် ဝတ်ဆင်မှာပါ။ မြန်မာယူ ၂၃ အသင်းဟာ ဗီယက်နမ်အသင်းနဲ့ ခြေစမ်းပွဲအတွက် မနေ့ညပိုင်းက ဗီယက်ထရွိင်ကွင်းမှာ လေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။