Homeမြန်မာသတင်း
ဂြိုဟ်တုဆက်ကြောင်းကြောင့် ရုပ်သံထုတ်လွှင့်မှုပြတ်တောက်ဟု ဒေါက်တာဖေမြင့် လွှတ်တော်တွင် ရှင်းလင်း
ဂြိုဟ်တုဆက်ကြောင်းကြောင့် ရုပ်သံထုတ်လွှင့်မှုပြတ်တောက်ဟု ဒေါက်တာဖေမြင့် လွှတ်တော်တွင် ရှင်းလင်း
DVB
·
June 6, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ဆွေးနွေးနေစဉ် ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှု ပြတ်တောက်ခဲ့ရတာဟာ ဖိုင်ဘာ ဆက်ကြောင်း ကြောင့် မဟုတ်ဘဲ ဂြိုဟ်တုဆက်ကြောင်းကြောင့် ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီး ၀န်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။
ဇွန် ၆ ရက် ပြည်သူ့လွှတ်တော်မှာ မင်းကင်းမဲဆန္ဒနယ်က ဦးမောင်မြင့်ရဲ့ မေးခွန်းကို ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။
“ကိုယ်စားလှယ်တော်ကြီးရဲ့ မေးခွန်းကို ပြန်လည်အနှစ်ချုပ် ဖြေကြားရမယ်ဆိုရင် အဲ့ဒီနေ့ က တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်စဉ် ပြတ်တောက်ခဲ့ရခြင်းရဲ့အဖြစ်မှန်ဟာ ဖိုင်ဘာဆက်ကြောင်း လိုင်းကြောင့် ဖြစ်ပွားခဲ့တာ မဟုတ်ဘဲ ဂြိုဟ်တုဆက်ကြောင်းကို အသုံးပြုနေစဉ် ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်းနဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို ထိုက်သင့်သော အရေးယူအပြစ်ပေးမှု များ ပြုလုပ်ခဲ့ပါကြောင်း ဖြေကြားအပ်ပါတယ်။”
ဇန်နဝါရီ ၂၉ ရက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အရေးကြီးအဆိုကို တပ်မတော်သားဘက်က ဆွေးနွေးနေစဉ်မှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားလိုင်း ၅ မိနစ်လောက် ပြတ်တောက်ခဲ့တာပါ။
တိုက်ရိုက်ထုတ်လွှင့်မှု ပြတ်တောက်တာဟာ ဖိုင်ဘာဆက်ကြောင်းကြောင့်လို့ ပြန်ကြားရေး က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အရင်သတင်းထုတ်ပြန်ခဲ့ပေမယ့် တပ်မတော် သတင်းမှန်ပြန်ကြားရေးဘက်က ဖိုင်ဘာဆက်ကြောင်းကြာင့် မဟုတ်ဘူးလို့ ဖေဖော်ဝါရီ ၇ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှု ပြတ်တောက်သွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက် မှန်ကန်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က မေလ ၂၁ ရက်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အဲ့ဒီနောက် ပြန်ကြားရေးဝန်ကြီးဌာနက ဌာနတွင်းခုံရုံးဖွဲ့ပြီး စစ်ဆေးခဲ့ရာမှာတော့ ဂြိုဟ်တု ဆက်ကြောင်းကြောင့် ဖြစ်ပွားခဲ့တာလို့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနတွင်း သတင်းတွေအရ ဒီဖြစ်စဉ်မှာတာဝန်ရှိတဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ကို ဌာနပြောင်းရွှေ့စေခဲ့ပြီး အဆင့်မြင့် တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်း ၈ ဦးထိ အရေးယူခံခဲ့ရကာ အများစုကို ရာထူးတဆင့်လျှော့ အရေးယူခံခဲ့ရတယ်လို့ သိရပါတယ်။