ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျသဖြင့် အရပ်သား ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
DVB
·
June 6, 2019
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းမဲကျေးရွာကို လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ရွာသား ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရသွားပါတယ်။
အဲဒီရွာအနီးတဝိုက်မှာ ဇွန် ၅ ရက်နေ့ နေ့လယ်ပိုင်းက စတင်ကာ တိုက်ပွဲတွေ ပြင်းထန် နေတာဖြစ်ပြီး ညနေ ၅ နာရီကျော်အချိန်လောက်မှာ နေအိမ်ခြံတခုအတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အခုလို သေဆုံး ဒဏ်ရာရရှိခဲ့ကြတာပါ။
အဲဒီ ပေါက်ကွဲမှုအတွင်း ဦးစိန်ထွန်း အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားပြီး ဒေါ်ဆီးတူ (ခ) နွဲ့ယဉ်ဝင်း၊ မခင်ဦး၊ မောင်ဇော်ဆန်းတို့ ဒဏ်ရာအသီးသီးရရှိခဲ့ကြပါတယ်။
ဒဏ်ရာရသွားသူတွေကို ကူညီပေးနေသူတဦးက “ကျနော်က ပုဏ္ဏားကျွန်းကနေ ဖြတ်ပြီးတော့ ကူညီပေးလိုက်တာ။ အမြောက်ကျည်ဆန်ကျသွားလို့လေ။ ဒဏ်ရာရသွားတာက ၃ ယောက်ပေါ့။ အခင်းဖြစ်တဲ့နေရာမှာပဲ တယောက်သေတယ်။ အခုကတော့ စစ်တွေဆေးရုံမှာ ရောက်နေပါတယ်” လို့ ပြောပါတယ်။
အဲ့ဒီသေဆုံးသူနဲ့ ဒဏ်ရာရှိသွားသူတွေဟာ ခမီတိုင်းရင်းသားတွေဖြစ်ကြပြီး လက်ရှိမှာ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေကြပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းမဲရွာနဲ့ ဖောင်ဆိပ်ရွာတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ၃ ရက်လောက်ကြာမြင့်နေပြီလို့လည်း ဒေသခံတွေကပြောပါတယ်။
အခုတိုက်ပွဲနဲ့ ပတ်သက်လို့ တပ်မတော်နဲ့ အေအေဘက်ကို ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရရှိသေးပါဘူး။
အခုရက်ပိုင်းအတွင်း အဲဒီလက်နက်ကိုင်နှစ်ဖွဲ့ဟာ ပုဏ္ဏားကျွန်းမြို့နယ်အပါအဝင် မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်တို့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး အခုလို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် အရပ်သားတွေ ဒဏ်ရာရရှိတာနဲ့ သေဆုံးတာတွေ များပြားနေတာဖြစ်ပါတယ်။
သတင်း-ဝဏ္ဏခွာညို