Home
မြန်မာသတင်း
တပ်မတော်ကို ရန်သူလိုသဘောမထားဟု UWSA တပ်ဖွဲ့ပြော
နော်နိုရင်း
·
June 6, 2019
အစိုးရနဲ့ တပ်မတော်အပေါ် ယှဉ်ပြိုင်တဲ့သဘောမျိုးမရှိသလို တပ်မတော်ကိုလည်း ရန်သူလို သဘောမထားကြောင်း “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ကြေညာလိုက်ပါတယ်။ ဇွန်လ ၂ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ၀ပြည်နယ်ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် ၃၀ ပြည့်ပွဲ အခမ်းအနားကိစ္စနဲ့ပတ်သက်ပြီး မီဒီယာမေးမြန်းချက်အပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ၀ ရဲ့စစ်ရေးပြ အခမ်းအနားသည် စစ်ပြိုင်အစိုးရ၊ စစ်ပြိုင်တပ်မတော် သဘာမျိုးဖြစ်တယ်၊ ဒါကို ကျနော်တို့ လက်မခံနိုင်ဘူးလို့ ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို လိုချင်တာကြောင့် ၀တပ်ဖွဲ့အပေါ် အစွမ်းကုန်သည်းခံထားတယ်လို့လည်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။ ဒီလိုပြောဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ ဇွန်လ ၄ ရက်နေ့ရက်စွဲနဲ့ ၀ပြည်နယ်ပြည်ပဆက်ဆံရေး ဌာနက အခုလို ထုတ်ပြန်ရှင်းလင်းတာလည်းဖြစ်ပါတယ်။ ၀ ပြည်နယ်အနေနဲ့ တပ်မတော်နဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ရန်သူလို သဘောမထားဘဲ မိတ်ဆွေလိုသဘောထားတယ်လို့ ဆိုပါတယ်။ ဧပြီ ၁၇ ရက်နေ့က ပြုလုပ်တဲ့ ပွဲတော်ဟာ ၀ပြည်နယ်ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှစ် ၃၀ ပြည့်ဂုဏ်ပြုခြင်းသာဖြစ်ပြီး အစိုးရနဲ့ တပ်မတော်ကို ယှဉ်ပြိုင်တဲ့ သဘောမျိုးမရှိကြောင်းလည်း ဖော်ပြပါတယ်။ သမိုင်းအစဉ်အလာအရ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများဟာ မိမိတို့အရေးကြီး တဲ့ ပွဲတော်များကို ဂုဏ်ပြုရာမှာ အလားတူ စစ်ရေးပြအခမ်းအနား ကျင်းပလေ့ရှိပြီး အစိုးရ၊ တပ်မတော်အနေနဲ့ ဒီကိစ္စရပ်အပေါ် အတွေးမလွန်စေဖို့လည်း ထုတ်ပြန်ထားပါတယ်။ ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနားကို ဧပြီ ၁၅ ရက်ကနေ ၁၇ ရက်အထိ အထူးဒေသ ပန်ဆန်းမြို့မှာ ကျင်းပခဲ့တာပါ။ စစ်ရေးပြလေ့ကျင့်တဲ့ အခမ်းအနားမှာ ‘ဝ’ ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါင်းဆောင် ဦးပေါက်ယူချန်းက ပြည်​​ထောင်​စုအစိုးရအနေနဲ့  ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024