ငြိမ်းချမ်းရေးအတွက် တထောင့်တနေရာမှ ပါဝင်ဖြည့်ဆည်းချင်တဲ့ ကရင်နီအမျိုးသမီးခေါင်းဆောင် မမီးမီး

SAMSUNG CSC
"ပြည်သူတွေက တနှစ်ပတ်လုံး တောင်ယာတွေလုပ်ပြီး အဲဒီကထွက်တာနဲ့ တနေ့လုပ် တနေ့စား၊ ကလေးကျောင်းစရိတ်လည်း ဒါကိုပဲအားထားပြီး ချွေတာသုံးကြရတယ်။ ပြည်တွင်းစစ်သာ မဖြစ်ခဲ့ဘူး၊ ငြိမ်းချမ်းရေးသာ ရှိခဲ့မယ်၊ ဖက်ဒရယ်ပြည်ထောင်စုမှာ ပါဝင်ခဲ့ရမယ်ဆိုရင် ကရင်နီပြည် (ကယားပြည်နယ်) ဟာ အမှန်တကယ် တိုးတက်နေမယ်ဆိုတာ ကျမ မြင်ယောင်မိတယ်။" လူဦးရေ ၃ သိန်းပင်မပြည့်သော ကယားပြည်နယ် (ကရင်နီပြည်) သည် သယံဇာတ ပေါကြွယ်ဝသော်လည်း ဒေသခံတိုင်းရင်းသားအများစု၏ လူနေမှုဘဝများမှာ ဆင်းရဲနိမ့်ကျမြဲ နိမ့်ကျလျက်ရှိသည်။ မမီးမီးနေထိုင်သော ကယားပြည်နယ် (ကရင်နီပြည်) တွင် စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရေးနှင့်အတူ အနာဂတ်တွင် ပြည်သူအများ အေးချမ်းစွာ နေထိုင်ရှင်သန်နိုင်ရေးကိုသာ မျှော်မှန်းကြောင်းနှင့် အဓိကအနေဖြင့် ပြည်နယ်သူ/ပြည်နယ်သားများ ကောင်းမွန်စွာ ပညာသင်နိုင်ခြင်း၊ စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းများ ကောင်းမွန်ခြင်းတို့ကို သူမအနေဖြင့် မျှော်လင့်နေသည်။ သူမသည် ကယားစာပေကို ဦးစွာ တီထွင်ခဲ့သူ ခူးထဲဘူးဖဲ၏ မြေးတော်စပ်သူဖြစ်ပြီး ဖခင်မှာ ကယားလူမျိုးစစ်စစ်ဖြစ်သည်။ ကရင်နီဒုက္ခသည်စခန်းတွင် ကယားစကားကို အသုံးပြုကြသော်လည်း သူမက မိခင်နှင့်သာ ရန်ကုန်မြို့တွင် ကြီးပြင်းလာရသည့်အတွက် ကယားစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ခြင်းမရှိပေ။ ကယားစကား မတတ်သဖြင့် ဒုက္ခသည်စခန်းတွင် အလုပ်လုပ်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသလို သူမကို ဗမာလူမျိုးအဖြစ် ရှုမြင်သတ်မှတ်ကာ ယုံကြည်မှု လျော့နည်းခြင်းများကိုလည်း ကြုံတွေ့ခဲ့ရသည်ဟု သူမက ဆိုသည်။ သို့သော် ဆွေမျိုးများနှင့် ကရင်နီခေါင်းဆောင်များ၏ အားပေးမှုဖြင့် သူမ ယုံကြည်ရာကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ တိုင်းရင်းသားစာပေကို စစ်အစိုးရအဆက်ဆက်မှ လက်မခံခဲ့သည့်အပြင် ပြည်တွင်းစစ်ကြောင့် အဘိုးဖြစ်သူနှင့် သူမအဖေ အပါအဝင် ဆွေမျိုးများသည် ထိုင်းနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်းသို့ ရောက်ရှိသွားခဲ့ချိန်တွင် သူမကတော့ မိခင်ဖြစ်သူနှင့် ကျန်ခဲ့ကာ ရန်ကုန်မြို့၊ ဒဂုံတက္ကသိုလ်တွင် မဟာတန်းကို ဇီဝဗေဒအထူးပြု ဘာသာရပ်ဖြင့် တက်ရောက်သင်ကြားနေခဲ့သည်။ မဟာတန်းပြီးသောအခါတွင် PhD တန်း ဝင်သော်လည်း ပညာရေးစရိတ် မတတ်နိုင်သောကြောင့် ပညာရေးကို ထိုနေရာမှာပင် ရပ်နားခဲ့ရသည်။ ထိုအချိန်တွင် ဖခင်နှင့် အဆက်အသွယ်ပြန်ရခဲ့ပြီး ကရင်နီဒုက္ခသည်စခန်းထဲသို့ ရောက်ရှိသွားကာ စခန်းတွင် အိမ်ထောင်ကျခဲ့ပြီး တတိယနိုင်ငံသို့ ထွက်ခွာသွားရန်ထက် စခန်းထဲမှ အမျိုးသမီးနှင့် ကလေးသူငယ်များ အခွင့်အရေးအတွက် တာဝန်ထမ်းဆောင်ရန်သာ ပိုမိုစိတ်အားထက်သန်ခဲ့သူ ဖြစ်သည်။ ထိုင်းနယ်စပ်တွင် လူသားချင်းစာနာသည့် အနေဖြင့် သူမတို့ကို လက်ခံထားခြင်းဖြစ်ကြောင်း နားလည်လာချိန်တွင် ဒုက္ခသည်များအရေးများကို ကူညီဆောင်ရွက်ပေးချင်သည့် ဆန္ဒကြောင့်  ဒုက္ခသည်စခန်းတွင်သာ ဆက်လက်နေထိုင်ခဲ့သည်ဟု ဆိုသည်။ "အစကတော့ ကျမဘဝက အသက်ရှင်ရတာ အဓိပ္ပာယ်ရှိဘူးလို့ ထင်မိတယ်။ ကျောင်းပြီးတော့ ကိုယ်ရထားတဲ့ဘွဲ့နဲ့ ဘာမှလည်းမလုပ်ရဘူး။ ကျောင်းထားပေးတာက အမေဘက်က ဆွေမျိုးတွေဆိုပေမယ့် ကျောင်းပြီးတော့ အဖေဘက်က ဆွေမျိုးတွေနဲ့ အဆက်အသွယ်ရပြီး ကရင်နီဒုက္ခသည်စခန်းကို ရောက်ခဲ့တယ်။" သူမသည် ဘွဲ့ရခဲ့သော်လည်း မိသားစုကို ပြန်လည်ထောက်ပံ့ကူညီရန် အခွင့်အလမ်း မရှိခဲ့သလို ပြည်တွင်းတွင် နေထိုင်ခဲ့စဉ်က ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန်လည်း မစဉ်းစားမိခဲ့ကြောင်း သူမက ပြောပြသည်။ ကရင်နီဒုက္ခသည်စခန်းသို့ ရောက်သွားသည့် အချိန်မှသာ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ လိုအပ်ချက်များကို တွေ့ရှိ နားလည်လာပြီး သူတို့၏အခွင့်အရေးအတွက် ဝင်ရောက် လုပ်ဆောင်နိုင်သည့်အတွက် သူမ၏ဘဝ အဓိပ္ပာယ်ရှိလာသလို ခံစားလာရသည်ဟု ဆိုပါသည်။ "အာဏာရှင်စစ်အစိုးရက ပြည်သူတွေကို ဖိနှိပ်ထားခဲ့ပါလား ဆိုတာကိုလည်း အဲဒီနေရာရောက်မှ ကျမ သိရတယ်။ အရာရာကို ပြန်လေ့လာခဲ့ရပြီး သေချာနားလည်လာတဲ့ အချိန်ရောက်မှ ကျမအတွက် ဘဝက အဓိပ္ပာယ်ရှိလာတယ်။" သူမ သင်ယူခဲ့သည့် ပညာရေးသည် နိုင်ငံတကာအဆင့်မီ ပညာရေး မဟုတ်သည့်အတွက် အချိန်တွေ၊ ငွေတွေသာ ကုန်ဆုံးခဲ့ရသည်ဟု နှမြောတသစွာ ပြောသည်။ "ဒုက္ခသည်စခန်းထဲ ရောက်လာမှသာ သိသင့်တာအကုန်လုံးကို သိခွင့်ရခဲ့ပြီး လိုအပ်သူတွေကို ကူညီခွင့် တစုံတရာ ရခဲ့တာဟာ ကျမအတွက် ဘုရားပေးတဲ့ တန်ဖိုးတခုလို့ ဆိုနိုင်ပါတယ်။" စခန်းထဲတွင် ဖြတ်သန်းလာခဲ့ရသော နှစ်များသည် ပြည်တွင်းမှာ ဖြတ်သန်းလာခဲ့ရသော နှစ်များထက် ပိုပြီး အဓိပ္ပာယ်ရှိလာသည်ဟု သူမက ဆိုသည်။ ဒုက္ခသည်စခန်းထဲမှ အမျိုးသမီးများကို စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်ပေးပြီး ပြည်တွင်းအထိပါ အဖွဲ့တာဝန်များ ထမ်းဆောင်နိုင်ဖို့ တွဲခေါ်လာနိုင်ခဲ့ခြင်းသည်လည်း သူမအတွက် မှတ်ကျောက်တခု ဖြစ်သည်။ သေနတ်သံများ ဖုံးလွှမ်းနေခဲ့သော မော်ချီးဒေသတွင် တိုက်ပွဲများကြောင့် ဗုံးခိုကျင်းထဲသို့ ဝင်ရောက်ပုန်းခိုခဲ့ရသည့် ငယ်ဘဝများနှင့် စစ်ပွဲများကြောင့် မိသားစုများ တကွဲတပြား ဖြစ်ခဲ့ရသည်ကို စိတ်ထဲ အမြဲအမှတ်ရနေသူလည်း ဖြစ်သည်။ ယခုအချိန်တွင် သေနတ်သံများ တိတ်သွားပြီဖြစ်သော်လည်း နိုင်ငံရေးဆွေးနွေးပွဲများကို မယုံကြည်ရသော အခြေအနေများကြောင့်များ ငြိမ်းချမ်းရေးခရီးမှာ အဖုအထစ်များ ရှိနေဆဲဟု သူမက လက်ရှိ ကရင်နီပြည်နယ်၏ အခြေအနေကို ပြောပြသည်။ "တနိုင်ငံလုံး မဟုတ်ရင်တောင် ကိုယ့်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ပါဝင်အားဖြည့်ချင်တယ်။" အချိန်တိုင်း စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရမည့် အခြေအနေမျိုး ဖြစ်လာမည်ကို စိတ်ပူနေရသဖြင့် ကရင်နီပြည် (ကယားပြည်နယ်) ကို စစ်မှန်သော ငြိမ်းချမ်းရေး အမြန်ရစေချင်ပြီး ငြိမ်းချမ်းရေးအတွက် တထောင့်တနေရာမှ ပါဝင်အားဖြည့်ချင်သည်ဟုလည်း သူမကဆိုသည်။ မမီးမီးသည် KNWO (ကရင်နီအမျိုးသမီးများ အစည်းအရုံး) တွင် တာဝန်ထမ်းဆောင်လာခဲ့သည့် ၁၂ နှစ်တာ ကာလတလျှောက်တွင် ခေါင်းဆောင်အဆင့်ဆင့်နေရာ တာဝန်ယူခဲ့ရပြီး အဖွဲ့အတွင်း စည်းရုံးရေးနှင့် ညီညွတ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပိုမို ကြိုးစားအားထုတ်ခဲ့ရသည်။ "ခုခေတ်က အမျိုးသားတွေနဲ့ ရင်ပေါင်တန်းနိုင်ဖို့၊ တန်းတူဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိဖို့ ရည်ရွည်ချက်ရှိတဲ့အတွက် သူတို့ထက် နှစ်ဆလောက် ကြိုးစားမှရမယ်။ အဲဒီထဲမှာမှ ကျမတို့က လူတွေနဲ့ သဟဇာတဖြစ်အောင် ပြောဆိုဆက်ဆံရတယ်။ ခေါင်းဆောင်မှုမှာလည်း လုပ်ငန်းထဲမှာ၊ ချမှတ်တဲ့ မူဝါဒတွေထဲမှာ အဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေ ပါလာအောင် လုပ်ဆောင်ရတဲ့အတွက် ဖိအားတွေများတယ်။" ကရင်နီဒုက္ခသည်စခန်းထဲ ရောက်သွားချိန်တွင် လူ့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးနှင့် အမျိုးသမီး အခွင့်အရေးတို့ကို လေ့လာရင်း ၂၀၀၇ ခုနှစ်တွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ စီဒေါကော်မတီသို့ စင်ပြိုင်အစီရင်ခံစာ တင်သွင်းရန် KNWO ကိုယ်စားလှယ်၏ အရန်အဖြစ် ကူညီပေးရင်း အမျိုးသမီး အခွင့်အရေးနှင့် စီဒေါစာချုပ် (ကမ္ဘာ့ကုလသမဂ္ဂ၊ အမျိုးသမီးများကို တဖက်သတ်ခွဲခြားဆက်ဆံမှုများ ပပျောက်ရေး သဘောတူစာချုပ်) အကြောင်းကို စတင်သိရှိလာသည်။ "ကျမတို့ မြန်မာနိုင်ငံမှာ အမျိုးသမီး အခွင့်အရေး၊ လူ့အခွင့်အရေးတွေ မရဘဲ ပိတ်ပင်ထားခြင်း ခံရပါလားဆိုတာ အဲဒီမှာ သိလာတယ်။ အဲဒီလိုသိလာတော့ ကျမတတ်နိုင်တဲ့ အပိုင်းမှာ အမျိုးသမီးတွေကို ကူညီရင်းနဲ့ ဒုက္ခသည်စခန်းထဲမှာလည်း အမျိုးသားနဲ့ အမျိုးသမီး ခွဲခြားမှုတွေ ရှိနေတော့ အမျိုးသမီးတွေအတွက် အမျိုးသမီးအဖွဲ့မှာပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။" သူမအနေဖြင့် ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) မှာ လုပ်ဖြစ်ခဲ့သည့် အကြောင်းကို ပြန်ပြောပြနေခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်နောက်ပိုင်း အပစ်အခတ်ရပ်စဲရေးကာလ အဖွဲ့အနေဖြင့် ပြည်တွင်းထဲသို့ ပြန်လည် အခြေချနိုင်ရန် ထိုင်းနယ်စပ်၊ ကရင်နီဒုက္ခသည်စခန်းမှ ကယားပြည်နယ် (ကရင်နီပြည်) သို့ မိုးရာသီတွင် ခြေလျင်ခရီးဖြင့် ပြန်လာခဲ့ကြသည့် အတွေ့အကြုံများကိုလည်း ပြောပြသည်။ "ရှားတောလမ်းကနေ ခြေကျင်နဲ့ ပြန်လာခဲ့တယ်။ ချောင်းတွေကို ကူးရတာတွေ ရှိတယ်။ ကွန်ပျူတာတွေကို ပလတ်စတစ်နဲ့ပတ်ပြီး ချောင်းထဲကနေမျှော၊ ဟိုဘက် တယောက်ကနေ လှမ်းဆယ်တယ်။ ရေစီးအရမ်းသန်တော့ ရေကူးတတ်တဲ့သူတွေတောင် သေချာကူးရတယ်၊ တချို့ဆို အမျိုးသားတွေက အောက်ကနေ ကျောပိုးကူးပြီး ပို့ပေးရတယ်။" ညမိုးချုပ်သွားသဖြင့် ချောင်းဘေး သစ်ပင်အောက်တွင် ညအိပ်ခဲ့ကြရသည်များလည်း ရှိကာ သူမတို့ အိပ်ခဲ့သည့်နေရာတွင် နောက်ပိုင်း တခြားသူများ ညအိပ်နားပြီး ဗုံးပေါက်ကွဲခဲ့သဖြင့် အသက်အန္တရာယ်ကြားမှ သီသီလေး လွတ်မြောက်ခဲ့ရသည့်အဖြစ်ကို ရင်တထိတ်ထိတ်ဖြင့် ပြန်ပြောပြသည်။ ပြည်တွင်းတွင် ကရင်နီအမျိုးသမီးများ အစည်းအရုံး၏ ရုံးဖွင့်လှစ်နိုင်ရေး ဦးဆောင်ဦးရွက်ပြုပြီး ကြိုးစားခဲ့ရာ အခက်အခဲနှင့် အန္တရာယ်များကြားထဲမှ ကယားပြည်နယ် (ကရင်နီပြည်) လွိုင်ကော်ရှိ KNWO ရုံးကို ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ခြေလျင်ခရီးဖြင့် ကြမ်းတမ်းသော လမ်းခရီးကို ခေါက်တုံ့ခေါက်ပြန် သွားလာခဲ့သည့် အတွက်လည်း ထိုအချိန်က လွယ်ထားသောကိုယ်ဝန် ပျက်ကျခဲ့ရသည်။ ကရင်နီဒုက္ခသည်စခန်းထဲတွင် လူသားတယောက်အနေဖြင့် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာများကို လေ့လာသင်ယူနိုင်ခဲ့ပြီး ကရင်နီဒုက္ခသည်စခန်းထဲတွင် နေထိုင်ခဲ့ရသော အချိန်နှင့် ယခင် ပြည်တွင်းတွင် နေထိုင်ခဲ့ရသော ငယ်ရွယ်စဉ် ဘဝနှစ်ခုကို ယှဉ်ကြည့်ရာတွင် အသိအမြင်များ ကွာခြားလွန်းလှသည်ဟု သူမက တွေးဆကာ ဆက်ပြောနေသည်။ "ခက်ခဲခဲ့ပေမယ့် အရမ်းကြီးကို ခံစားချက်ထားမနေဘူး၊ ကိုယ်လုပ်စရာရှိတာနဲ့ လုပ်နိုင်တဲ့ အရာတွေကိုပဲ စဉ်းစားပြီး ရှေ့ဆက်လုပ်ခဲ့တယ်။" ကရင်နီဒုက္ခသည်စခန်းမှ ပြည်တွင်းရှိ လွိုင်ကော်မြို့သို့ စတင်ရွှေ့ပြောင်းလာခါစတွင် အာဏာပိုင်များ၏ အစဉ်စောင့်ကြည့်ခြင်းကို ခံခဲ့ရသော်လည်း ယုံကြည်ရာကို တက်လှမ်းနိုင်ရေးအတွက် အားမလျော့ဘဲ လုပ်ဆောင်ခဲ့သည်။ ယခုအချိန်တွင်တော့ ဒုက္ခသည်စခန်းထဲရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် အကြမ်းဖက်မှုများမှ ကာကွယ်ပေးခြင်း လုပ်ငန်းကို ပြည်တွင်းအထိပါ ထိုးဖောက် လုပ်ဆောင်လာနိုင်ခဲ့ပြီ ဖြစ်သည်။ "ကျမတို့ အခုလို ပြည်တွင်းထဲမှာ အခြေမစိုက်နိုင်ခဲ့ဘူးဆိုရင် ဒေသတွင်း အမျိုးသမီးတွေရဲ့ ဘဝအတွက် ဘာမှ လုပ်ဆောင်ပေးနိုင်မှာ မဟုတ်ဘူး။ အခုတော့ ဒုက္ခသည်စခန်းထဲမှာရော ပြည်တွင်းက အမျိုးသမီးတွေဘဝ အတွက်ပါ လုပ်ဆောင်ပေးနိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် တကယ်ဂုဏ်ယူမိတယ်။" လက်ရှိတွင် သူမသည် ကရင်နီဒုက္ခသည်စခန်းတွင် ဆက်လက်တာဝန်ယူထားသလို ကယားပြည်နယ် (ကရင်နီပြည်) လွိုင်ကော်နှင့် အခြားမြို့နယ်များတွင်လည်း သွားလာ တာဝန်ထမ်းဆောင်နေရပြီး ငြိမ်းချမ်းရေးအတွက် မှတ်တမ်းပြုစုခြင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့တွင် ကရင်နီအမျိုးသမီးတဦး အနေဖြင့် ပါဝင်နေရသည်။ မမီးမီးသည် ကရင်နီအမျိုးသမီး အစည်းအရုံးတွင် အထွေထွေအတွင်းရေးမှူး တာဝန်ကို ဆက်တိုက်ထမ်းဆောင်လာခဲ့သလို တဖက်တွင်လည်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB တွင် မူဝါဒရေးရာ အဖွဲ့ဝင်အဖြစ်နှင့် ငြိမ်းချမ်းရေး (Peace mission team) အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ကယားပြည်နယ်ရှိ ငြိမ်းဖောင်ဒေးရှင်းတွင် အကြံပေးဘုတ်အဖွဲ့ဝင် အဖြစ်နှင့် Law Home ခေါ် ဥပဒေအထောက်အကူပြု အဖွဲ့တွင်လည်း အကြံပေးအဖြစ် ပါဝင်ဆောင်ရွက်နေသူ ဖြစ်သည်။ ကောကော် (hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up