မိုးကုတ်တွင် မြေပြို၊ အမျိုးသမီး ၁ ဦး သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မှာ ဒီကနေ့ ဇွန်လ ၆ ရက် မနက်အစောပိုင်းက မြေပြိုကျပြီး အမျိုးသမီး တဦးမြေပိသေဆုံးခဲ့ကာ လူငယ်တဦး ဒဏ်ရာရရှိသွားပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မိုးကုတ်မြို့ ဘီးတောင်၊ အောင်သာယာနဲ့ နဂါရုံဘုရားနား အစရှိတဲ့  နေရာ ၃ ခုမှာ မြေပြိုခဲ့တာပါ။ ဘီးတောင်ရပ်ကွက်က နေအိမ်တလုံး မြေပိပြိုကျခဲ့တာကြောင့် အသက် ၅၉ အရွယ် အမျိုးသမီးသေဆုံးခဲ့ပြီး အသက် ၂၂ အရွယ် သားဖြစ်သူ ခါးထိဒဏ်ရာရရှိခဲ့တယ်လို့  သွားရောက်ကူညီပေးခဲ့တဲ့ မြတ်စေတနာ လူမှုကူညီရေးအသင်းအတွင်းရေးမှူး ကိုဝင်းဦးက ပြောပါတယ်။ “လူသေတာကတော့ ဘီးတောင်ရပ်ကွက်ပေါ့။ ထိတာက သူ့အမေသေသွားတာပေါ့။ သားဖြစ်တဲ့ လူကတော့ ခါးထိသွားတယ်။ မအေကတော့ ဒေါ်အုန်းကြိုင်တဲ့။ ဆုံးသွားတယ်။ သားဖြစ်သူကတော့ ဆေးရုံမှာပေါ့။ ပြိုသွားတဲ့ အိမ်ကလည်း ထရံအိမ်ပဲလေ။ တကယ်တမ်း ပြိုတာက အကြီးကြီးတော့ မဟုတ်ဘူး။” မိုးကုတ်မြို့မှာ မိုးရာသီကာလ မကြာခဏဆိုသလို မြေပြိုပြီး လူသေဆုံးတာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန် ၁၄ ရက်နေ့ကလည်း  မိုးကုတ်မြို့မှာ မြေနေရာနှစ်နေရာ မြေပြိုခဲ့လို့ လူ ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up