Home
မြန်မာသတင်း
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရန် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဟန်ဂေရီဝန်ကြီးချုပ်ဆွေးနွေး
DVB
·
June 6, 2019
62146901_1592090024258541_7262946811734654976_o
ဟန်ဂေရီနိုင်ငံမှာ အလုပ်သဘောခရီးစဉ် ရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ  ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ် Mr. Viktor Orban နဲ့ ဘူဒါပတ်စ်မြို့မှာ ဇွန်လ ၅ ရက်ကတွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြင့်တင်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံရာမှာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေအပြင် နှစ်နိုင်ငံမြို့တော်တွေမှာ သံရုံးတွေ အပြန်အလှန် ဖွင့်လှစ်သွားနိုင်ရေး ကိစ္စရပ်တွေဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။ ဒီနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဟန်ဂေရီ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီး Mr. Peter Szijjarto နဲ့တွေ့ဆုံပြီး ဟန်ဂေရီနိုင်ငံက မြန်မာနိုင်ငံကို  Tied Aid Credit ဖွံ့ဖြိုးရေးချေးငွေပေးအပ်ဖို့ကိစ္စ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လူမှုရေး၊ ယဉ်ကျေးမှုကိစ္စတွေဆွေးနွေးခဲ့သလို ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့် ရေးနဲ့ အာဆီယံဒေသတွင်းနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာမှာ နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်သွားရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟန်ဂေရီက  မြန်မာနိုင်ငံသားတွေကို ပညာတော်သင် ဆုတွေဆက်လက်ပေးအပ်သွားဖို့၊ မြန်မာနဲ့ အီးယူ အကြား ဆက်ဆံရေး၊ ကုန်သွယ်မှုနဲ့  ရင်းနှီးမြှုပ်နှံမှုမြင့်တင်နိုင်ရေးအတွက် ဟန်ဂေရီ နိုင်ငံက အကူအညီပေးဖို့၊ မြန်မာ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းအားထုတ်မှုတွေမှာ ဟန်ဂေရီနိုင်ငံက အပြုသဘော အကူအညီပေးဖို့ ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။ တွေ့ဆုံပွဲအပြီးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့  ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးတို့ ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်သမ္မတနိုင်ငံကနေ တဆင့် ဟန်ဂေရီနိုင်ငံကို ဆက်လက်သွားရောက်နေတာဖြစ်ပါတယ်။ ဓာတ်ပုံ- State Counsellor
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024