Live
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က  ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၆ ဦး နှုတ်ထွက်စာတင်
DVB
·
June 5, 2019
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ အုပ်ချုပ်ရေးမှူးတချို့ ဖမ်းဆီးခံထားရတာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၆ ဦးဟာ  မေလ ၄ ရက် နေ့စွဲနဲ့ နှုတ်ထွက်ဖို့ စာတင်ထားကြပါတယ်။ ကျောက်တော်မြို့နယ်က မင်းသားတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်နဲ့ ရွှေပြည်ကျေးရွာတာဝန်ခံ ဦးသိန်းစိုးအောင်တို့ကို တပ်မတော်က ဖမ်းဆီးထားပြီး ကျောက်တော်မြို့မစခန်းမှာ အမှုဖွင့်ထားတာပါ။ ဒါ့အကြောင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၄၆ ဦးဟာ မနေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးလုပ်ပြီးနောက် နှုတ်ထွက်ဖို့ စာတင်ခဲ့ကြ တာလည်း ဖြစ်လို့ သင်္ဂနက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှရွှေက ပြောပါတယ်။ “အုပ်ချုပ်ရေးမှူးအားလုံး ၄၆ ယောက် နှုတ်ထွက်စာ တပြိုင်တည်း တင်လိုက်ပါတယ်။ အကြောင်းကတော့ တပ်က ကျနော်တို့ ကျေးရွာတွေကို လာပြီးတော့ စစ်ဆေးတာရှိတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ကျေးရွာတာဝန်ခံတွေ ဖမ်းဆီးထားတယ်။ ကျနော်တို့က ဒီလိုဖမ်းလာတော့ စိုးရိမ်စိတ် ပိုများလာတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုက မည်သည့်တဦးတယောက်မှာမှ မရှိသလို ဖြစ်လာတဲ့အခါ ကျနော်တို့ နှုတ်ထွက်ရတာ ဖြစ်ပါတယ်” နှုတ်ထွက်စာနဲ့အတူ ဖမ်းဆီးထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို ပြန်လွှတ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စစ်ဆေးပြီးမှ ဆုံးဖြတ်ချက်အတိုင်းဆောင်ရွက်ဖို့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေကို ဖြစ်ဖြစ်၊ ကျေးရွာတာဝန်ခံတွေကိုဖြစ်ဖြစ် စစ်ဆေးမေးမြန်းဖို့ ထပ်မံလိုအပ်လာပါက တပ်မတော်က တိုက်ရိုက်ဖမ်းဆီးတာမျိုး မဟုတ်ဘဲ မြို့နယ်ထွေအုပ်ကတဆင့်သာ ခေါ်ယူ မေးမြန်းပေးဖို့ တောင်းဆိုထားကြတာပါ။ ဒါ့အပြင် မြို့နယ်ထွေအုပ်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို အခြေခံပြီးမှ လိုအပ်ရင် ထပ်မံ စုံစမ်းရေးအဖွဲ့ဖွဲ့ဖို့နဲ့ အဲဒီအဖွဲ့ကို ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်ကတဆင့် သင့်တော်သလို ဆောင်ရွက်ပေးဖို့ အချက်တွေလည်း ပါဝင်ပါတယ်။ မျောက်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်လှစိန်က “ရက္ခိုင့်တပ်တော်အေအေနဲ့ မြန်မာ့စစ်တပ်တို့ဖြစ်တာမှာ ကျနော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ကြားခံအဖြစ်မသုံးဖို့ ကိုလည်း တောင်းဆိုချင်ပါတယ်။ ဘာလို့ဆို ကျနော်တို့ အောက်ခြေအဖွဲ့အစည်းဖြစ်တဲ့ အတွက်နဲ့ စိုးရိမ်နေကြရတယ်လေ။ ဒါကြောင့် ကြားညှပ်မှု မဖြစ်ရအောင်လို့ နှစ်ဖက်အဖွဲ့စည်းကနေပြီးတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ကြဖို့လည်း ကျနော့်အနေနဲ့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။ သင်္ဂနက်ကျေးရွာနဲ့ မျောက်တောင်ကျေးရွာအပါအဝင် ကျောက်တော်မြို့က ရပ်ကျေး အုပ်ချုပ်ရေးမှူး ၄၆ ဦးဟာ မနေ့က တပြိုင်နက်တည်း နှုတ်ထွက်စာတင်ခဲ့ကြတာဖြစ်ပြီး ဒီကနေ့မှာလည်း ထပ်မံစာတင်ဖို့ ရှိနေကြသေးတယ်လို့ အုပ်ချုပ်ရေးမှူးတွေကပြောပါတယ်။ နှုတ်ထွက်စာစာတင်ထားတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဒီတောင်းဆိုထားတဲ့ အချက်တွေကိုသာ လိုက်လျော့ပေးရင် တာဝန်ကို ပြန်လည်ထမ်းဆောင်ကြမှာဖြစ်ပေမဲ့ လိုက်လျောမှုမရှိရင်တော့ အပြီးနှုတ်ထွက်ကြမယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီး ဦးမျိုးမြင့်အောင်ထံကို ဆက်သွယ်ခဲ့ပေမယ့်  ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။ ရက္ခိုင့်တပ်မတော်နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ရခိုင်ပြည်နယ်အတွင်း ခပ်စိပ်စိပ် ဖြစ်ပွားလာပြီးနောက်ပိုင်း အရပ်သားတွေအပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေပါ ဖမ်းဆီးခံရတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကလည်း မြောက်ဦးမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်ခဲ့ပါတယ်။ သတင်း - ၀ဏ္ဏခွာညို၊ ဓာတ်ပုံ-ကျော်လှမြင့်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024