DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးဌာန ၁၅ ခု၏ ငွေကြေးအလွဲသုံးမှု စာရင်းစစ်ချုပ် လွှတ်တော်ကိုတင်ပြ
DVB
·
November 14, 2012
ဝန်ကြီးဌာန ၁၅ ခု၏ ငွေကြေးအလွဲသုံးမှု စာရင်းစစ်ချုပ် လွှတ်တော်ကိုတင်ပြ
Donate to DVB

ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန ၁၅ ခုမှာ ဖြစ်ပေါ်ခဲ့တဲ့ ငွေကြေးအလွဲသုံးမှုတွေနဲ့ ပတ်သက်တဲ့ စစ်ဆေးတွေ့ရှိချက်တွေကို ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စုလွှတ်တော်ကို တင်ပြပါတယ်။

ဒီနေ့ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ဒီစစ်ဆေး တွေ့ရှိချက်တွေ ကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ ဦးသိန်းထိုက်က ဖတ်ကြားတင်ပြခဲ့တာပါ။

“၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း စစ်ဆေးရာမှာ အရေးကြီးသော စစ်ဆေးတွေ့ရှိချက်အဖြစ် ၀န်ကြီးဌာန ၁၅ ခုမှာ နိုင်ငံတော်ကချမှတ်ပေးသည့် ရသုံးငွေနှင့် နိုင်ငံတော်ကရရမည့် ရငွေများနှင့် ပတ်သက်ပြီး အလွဲသုံးမှု၊ ပိုသုံးထားမှု၊ မရိုးဖြောင့်သောသဘောဖြင့် ဆောင်ရွက်ထားမှုတွေကို တွေ့ရှိတဲ့အတွက် ဒီတွေ့ရှိမှုအပေါ် နိုင်ငံတော်အရအသုံးစာရင်းကို ပြန်သွင်းရန် ၄၇ မှုရှိကြောင်း တွေ့ရပါတယ်။ တွေ့ချက်များကို တင်ပြထားပါတယ်။”

ဝန်ကြီးဌာနတွေကတော့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာနစတဲ့ ၀န်ကြီးဌာနတွေ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က “စာရင်းစစ်တွေ့ရှိချက်က နိုင်ငံတော်ကို ပေးသွင်းရမယ့် ကျပ်ငွေ စုစုပေါင်း ၅၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက်) စာရင်းဟနေတာ တွေ့တယ်တဲ့။ ၀န်ကြီးဌာန အားလုံးပေါင်းလိုက်ပေါ့။ အဲဒါကို သူက နိုင်ငံတော်ကိုပြန်ပေးသွင်းဖို့ စာရင်းစစ်က လုပ်တဲ့အခါ ကျပ်ငွေ ၂၀ ဘီလီယံကတော့ ပြန်သွင်းနိုင်ခဲ့တယ်။ ကျန်တဲ့ ကျပ်ငွေ ၄၀ ဘီလီယံထဲမှာ ၃၅ ဘီလီယံက မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဌာနက ပေးသွင်းဖို့ ကျန်ပါသေးတယ်တဲ့။ အဓိက မသမာမှုက တနိုင်ငံလုံးမှာ ကျပ်သိန်းပေါင်း ၁၄၀၀ သွားတွေ့တယ်။ အဲထဲမှာ သတင်းနဲ့စာနယ်ဇင်းတဦးတည်းကပဲ သိန်း ၁၂၀၀ အလွဲသုံးစားလုပ်ထားတာတွေ့တယ်လို့  ပြောပါတယ်။”

ဒီပြည်ထောင်စုစာရင်းချုပ်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်တွေနဲ့ပတ်သက်ပြီး ဖော်ပြတာမျိုး မရှိခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။

“၀န်ကြီးဌာနာ တခုချင်း ပါပါတယ်။ ဒါပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်မတွေ့ရပါဘူး။ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပတ်သက်လို့ ဘတ်ဂျက်တိုးတဲ့အခါ တပ်မတော်သားတွေအတွက် စားနပ်ရိက္ခာ၊ အ၀တ်အစား ထောက်ပံ့ကြေး ဒါတွေတိုးပေးဖို့ ဟိုးအရင် ဒေါ်တင်နွယ်ဦး ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ဘတ်ဂျက်ဆွေးနွေးတာမှာ ပါပါတယ်။ အသေးစိတ်ကတော့ စာရင်းစစ်မှာတော့ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ စစ်ဆေးတွေ့ရှိချက် မပေါ်ပါဘူး။”

ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်ကွာဟမှု၊ အလွဲသုံးမှုမျိုးတွေကို နောက်လာမယ့် ဘဏ္ဍာရေးနှစ်တွေမှာ မဖြစ်စေဖို့ လွှတ်တော်တွေအနေနဲ့ ထိန်းကျောင်းနိုင်မယ့် သင်ခန်းစာအဖြစ် ရှုမြင်တယ်လို့လည်း သူကဆိုပါတယ်။

“၀န်ကြီးဌာနတွေမှာ စာရင်းစစ်လိုက်လို့ ဘီလီယံနဲ့ချီပြီး ဖြစ်နေတာ ကျနော်တို့သိပြီ။ နောင်တချိန် လွှတ်တော်ကော်မတီတွေက ၀န်ကြီးဌာနတွေနဲ့ ပတ်သက်လို့ စစ်ဆေးတဲ့အခါ ပိုဂရုထားရမယ်၊ ပိုအသေးစိတ်ရမယ်၊ ပိုသတိထားရမယ်ဆိုတာ ပေါ်လာတယ်။ ၂၀၁၁-၁၂ ဘတ်ဂျက်ကတော့ ပြီးသွားပြီပေါ့။ ၂၀၁၂-၁၃ ဘတ်ဂျက်မှာတော့ ကျနော်တို့ဘက်က ၀န်ကြီးဌာနတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံကောင်း ပညာတခုရတဲ့သဘော ရှိပါတယ်။”

အခုလို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အစီရင်ခံစာတင်ပြလာတဲ့ အစိုးရ ၀န်ကြီးဌာနတွေရဲ့ ငွေကြေးအလွဲသုံးမှုတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ လပိုင်းတွေက ဖော်ပြခဲ့တဲ့ အတွက် ပြည်တွင်းထုတ် သည်ဗွိုက်ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဂျာနယ်ဖော်ပြချက်နဲ့ စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးတွေ့ရှိချက် ကိုက်ညီမှု ရှိမရှိဆိုတာတွေကိုလည်း လွှတ်တော်ကော်မတီအနေနဲ့ ထပ်မံစိစစ်မှုတွေ ပြုလုပ်ဖို့ရှိတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013