Home
မြန်မာသတင်း
ကမ္ဘာ့မူပိုင်ခွင့် အကြီးအကဲ ပြန်ကြားရေးဝန်ကြီးနှင့် ဆွေးနွေး
အေးနိုင်
·
November 14, 2012
ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ မြန်မာနိုင်ငံရောက်နေတဲ့ ကမ္ဘာ့အသိဥာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့ (WIPO) ညွှန်ကြားရေးမှူးချုပ် Mr. Francis Gurry ဦးဆောင်တဲ့ အဖွဲ့ဟာ  မူးပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို နိုဝင်ဘာ ၁၄ ရက်နေ့ ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ [caption id="attachment_33052" align="alignright" width="300" caption="ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နှင့် WIPO ညွှန်ကြားရေးမှူးချုပ် Mr. Francis Gurry တို့ ဆွေးနွေးနေစဉ်"][/caption] ၂၀၁၃ ခုနှစ် အာဆီယံနိုင်ငံတွေအကြားမှာ တတန်းတည်းကျင့်သုံးမယ့် ဥာဏပစ္စည်း မူပိုင်ခွင့်မှာ မြန်မာကလည်း ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ဆွေးနွေးခဲ့ကြတာပါ။ ၂၀၀၈ ခုနှစ်လွန် နှစ်ပိုင်းတွေကလည်း မူပိုင်ခွင့်နဲ့ ပတ်သက်လို့ ဂီတအစည်းအရုံးနဲ့ ရုပ်ရှင်အစည်းအရုံး လောကသားတွေအကြားမှာ စတင်ဆောင်ရွက်ခဲ့သလို WIPO အဖွဲ့ကလည်း အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ လုပ်ဆောင်ခဲ့ပါတယ်။ တီထွင်မှု မူပိုင်ခွင့်ဆိုင်ရာ ဥပဒေ၊ စက်မှုလက်မှု ဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနဲ့ စာပေအနုပညာဆိုင်ရာ မူပိုင်ခွင့်ဥပဒေဆိုပြီး ၄ ခုရေးဆွဲရာမှာ စာပေအနုပညာဆိုင်ရာ မူပိုင်ခွင့်ကို ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူရေးဆွဲပြီး ကျန် ၃ ခုကို သိပံ္ပနဲ့ နည်းပညာဝန်ကြီးဌာနက တာဝန်ယူရေးဆွဲဖို့ တာဝန်ပေးထားပါတယ်။ မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို လွှတ်တော်က အတည်ပြုထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ပြဋ္ဌာန်းဖို့ ကျန်ရှိနေသလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကလည်း မူပိုင်ခွင့်ဥပဒေတရပ် ရှိမရှိဆိုတဲ့ ပေတံနဲ့ တိုင်းတာပြီး အဲဒီဥပဒေပေါ်ပေါက်လာရေးကို စောင့်စားနေကြပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၅ ခုနှစ်နောက်ဆုံးထားပြီး မူပိုင်ခွင့်ဥပဒေပြဋ္ဌာန်းရမှာဖြစ်ပေမယ့် မပြီးမြောက်တဲ့အတွက် ၂၀၁၃ ခုနှစ် ဇူလိုင်အမီ အပြီးရေးဆွဲဖို့ ထပ်မံသက်တမ်းတိုးပေးထားတာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း WIPO ညွှန်ကြားရေးမှူးချုပ် Mr. Francis Gurry  နဲ့ အဖွဲ့တို့ဟာ ဒုတိယသမ္မတစိုင်းမောက်ခမ်း၊ သိပ္ပနဲ့ နည်းပညာဝန်ကြီး ဒေါက်တာကိုကိုဦးနဲ့ ဒုတိယ ၀န်ကြီးတွေဖြစ်တဲ့ ဦးသန့်ကျော်၊ ဦးရဲထွဋ်၊ ဦးမျိုးအောင်တို့နဲ့လည်း  တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ Mr. Francis Gurry တို့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကို မေးမြန်းထားပါတယ်။ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ WIPO တွေ့ဆုံရာမှာ ဘာတွေဆွေးနွေးခဲ့လဲ။ “အကြမ်းဖျifးပြောမယ်ဆိုရင်တော့ WIPO နဲ့ ဘယ်လောက်ထိစပ်ဆောင်ရွက်နေတာ ရှိလဲဆိုတာ ပြောတာပါ။ ကျနော်တို့ ၀န်ကြီးဌာနနဲ့ အဓိက ပတ်သက်တာတော့ copyright နဲ့ဆိုင်တာပေါ့။ copyright နဲ့ဆိုင်တာဆိုတာက WIPOနဲ့ ကျနော်တို့ ၀န်ကြီးဌာနနဲ့ ဆက်စပ်တဲ့ အန်ဂျီအိုတွေရှိတာပေါ့။ အရင်တုန်းက မြန်မာနိုင်ငံစာပေနဲ့စာနယ်ဇင်း၊ ဂီတအစည်းအရုံး၊ ရုပ်ရှင်အစည်းအရုံးတို့ အဲအဖွဲ့တွေနဲ့က မှန်းမိသလောက် ၂၀၀၄ လောက်က စပြီးတော့ WIPOနဲ့ ဆွေးနွေးဟောပြောပွဲတွေ လုပ်ခဲ့တာရှိပါတယ်။ ဒါတွေကို ပြန်ဆွေးနွေးတဲ့ သဘောပါပဲ။ နောက် အခုလက်ရှိ ကြုံတွေ့နေရတဲ့ copyrightနဲ့ ပတ်သက်ပြီး အခက်အခဲလေးတွေ ဆွေးနွေးကြပါတယ်။ ကျနော်တို့နိုင်ငံမှာ လက်ရှိတော့ မူပိုင်ခွင့် မူကြမ်းရေးဆွဲနေတာကို ပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်ဆဲ အဆင့်ပဲရှိတယ်။ ခိုးကူးခွေနဲ့ပတ်သက်ပြီးတော့ နည်းပညာအရ ဘယ်လိုကာကွယ်လို့ရမလဲ၊ နိုင်ငံတကာမှာရော ဒါမျိုးတွေ ဘယ်လိုလုပ်နေလဲဆိုတာမျိုး ဆွေးနွေးတာပါ။ WIPO အနေနဲ့ ဒါတွေနဲ့ ပတ်သက်လို့ အသိပညာပေး ဆွေးနွေးဟောပြောပွဲလိုမျိုး လုပ်ဖို့ ဆွေးနွေးတာပါ။ ဒါလောက်ပဲ ဆွေးနွေးတာရှိပါတယ်။” ဥာဏပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာ မူကြမ်းက ဘယ်တော့လောက် အစိုးရဆီတင်နိုင်မှာလဲ။ “ကျနော်တို့ ၀န်ကြီးဌာနတွေလည်း ပါတာပေါ့။ အဓိက နိုင်ငံတော်က တာဝန်ပေးထားတာက သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကို ပေးထားတာ။  ၂၀၀၄-၀၅ လောက်က စပြီးတော့ ဆောင်ရွက်နေတယ်ပေါ့လေ။ အခုလည်း ပြီးခဲ့တဲ့ ၄ လလောက်က မူကြမ်းအမြန်ဆုံးပြီးစီးအောင် လုပ်တာတော့ ကျနော်ကြားထားတာ ရှိပါတယ်။ အဓိကက ဆွဲထားတဲ့ မူကြမ်းသည် collective management organization အဖွဲ့တွေ၊ ခုနက တင်ပြတဲ့ သက်ဆိုင်ရာ အန်ဂျီအိုအဖွဲ့အစည်းတွေလေ။ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ စာပေအသင်းအဖွဲ့၊ မြန်မာနိုင်ငံစာရေးဆရာများအသင်းတို့၊ ထုတ်ဝေသူများအသင်းတို့ကို ပြန်မေးမြန်းတာတော့ရှိတယ်၊ အသုံးအနှုန်းတွေပေါ့၊ နိုင်ငံတကာနဲ့ သုံးနှုန်းတာတွေ မှန် မမှန်ပေါ့။ ဒါတွေက မူပိုင်ခွင့်တခုတည်း ပြောတာပါ။ ကျန်တဲ့ ဥာဏဆိုင်ရာ၊ သူက ၄ ခုရှိတာကိုး။ ကျနော်ကတော့ မူပိုင်ခွင့်နဲ့ဆိုင်တာ အဲ့လောက်သိပါတယ်။ တချို့ဟာတွေသည် ၂၀၀၅ လောက် ရေးထားတာမျိုး ခေတ်နဲ့လျော်ညီတာမျိုးဖြစ်အောင် ကြားထဲမှာ တောက်လျှောက်တော့ လုပ်နေတာ ကြားပါတယ်။ ဒါတွေ ဆီလျော်အောင် ပြန်ရေးဆွဲပြီးတော့ အမြန်ဆုံးပြဋ္ဌာန်းနိုင်အောင် လုပ်နေတယ်လို့ ကြားသိထားပါတယ်။” မြန်မာနိုင်ငံက ဈေးကွက်စီးပွားရေးစနစ်ကို သွားနေတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်နေတဲ့ ကာလမှာ ရင်းနှီးမြှုပ်နှံသူတွေက copyright ကိစ္စနဲ့ပတ်သက်ပြီး အင်မတန်ဂရုစိုက်တယ်ဆိုတာ သိရတော့ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကုမ္ပဏီတွေ ဖိတ်ခေါ်နိုင်အောင် ဦးတင့်ဆွေတို့ ဆောင်ရွက်နေတဲ့ကိစ္စက ဘယ်လောက်ထိအောင်၊ နိုင်ငံတကာ စံကိုမီနိုင်လား။ “ကျနော် copyrightနဲ့ပတ်သက်လို့ သိသလောက်ကတော့ WIPOနဲ့ လုပ်ခဲ့တဲ့ ဆွေးနွေးဟောပြောပွဲတွေ လုပ်ခဲ့တာ အများကြီးရှိပါတယ်။ နိုင်ငံက သက်ဆိုင်ရာဝန်ကြီးဌာနတချို့နဲ့ ပူးပေါင်းလုပ်တာတွေ ရှိတယ်။ ကျနော်တို့ဆီကနေ copyright နဲ့ပတ်သက်ပြီး သင်တန်းသွားတက်တာတွေရှိတယ်ဆိုတော့ နိုင်ငံတကာစံကတော့ တော်တော်များများ ပါအောင် ဆွဲနိုင်မယ်လို့ ထင်ပါတယ်။” ၂၀၁၃ ဇူလိုင်မတိုင်ခင် ထွက်ရမှာပေါ့။ “ဟုတ်ပါတယ်။ အဲလိုပဲ မျှော်မှန်းထားတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024