မင်းပြားမြို့နယ်တွင် တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေး (ရုပ်သံ)
DVB
·
June 2, 2019
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရွှေတမာကျေးရွာအနီးမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ကျေးရွာသားတွေ စိုးရိမ်ထိတ်လန့်ပြီး ရွာဦးဘုန်ကြီးကျောင်းကို ထွက်ပြေးနေကြရတယ်လို့ ရွှေတမာ ကျေးရွာအပ်ချုပ်ရေးမှူး ဦးကျော်သိန်းက အတည်ပြုပြောကြားပါတယ်။
"နေ့လယ် ၂ နာရီကျော်လောက်မှာ ဖြစ်ကြတာပါ။ မင်းပြားမြို့နယ် အထက်ပိုင်း ရွှေတမာကျေးရွာနဲ့ ရခိုင်လက်မရွာ၊ ကုလားလက်မရွာ၊ ယင်းရွာနားမှာ ဖြစ်နေကြတာပါ။ လက်နက်ကြီးသံတွေ ကျယ်လောင်စွာ အဆက်မပြတ်ကြားနေရတော့ ရွာသူ/သားတွေ ထိတ်လန့်စိုးရိမ်ပြီး အိမ်တွေကနေ ထွက်ပြေးကာ ဘုန်ကြီးကျောင်းကို ပြေးကြတာပါ။ အခုလည်း ဖြစ်နေကြတုန်းပါ။ ရွာနဲ့ နီးနီးလေးပါ ရွာအနားမှာလည်း လက်နက်ကြီးတွေကျနေပါတယ်။"
ရွှေတမာကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိတယ်လို့ သိရပြီး ထွက်ပြေးလာကြတဲ့သူတွေဟာ လက်ရှိမှာတော့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒီဗွီဘီက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို မေးမြန်းရာမှာတော့ မအားသေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပြီး အေအေတပ်ဖွဲ့ပြောခွင့်ရ ခိုင်သုခကတော့ တိုက်ပွဲဖြစ်ပွားတာ မသိရှိသေးဘူးလို့ ပြောပါတယ်။
ကျော်လင်းဦး