Home
မြန်မာသတင်း
အလောင်းတော်ကဿပဘုရားငွေ အလွဲသုံးစားပြုမှု သတင်းစာရှင်းလင်း
Aung Ko Latt
·
June 2, 2019
61645034_1040235159514812_970449191971061760_n
61834918_1040235396181455_7597704718927790080_n
61771994_1040235549514773_3699384327092568064_n
61747325_1040235139514814_6208678562728247296_n
61645034_1040235159514812_970449191971061760_n
အလောင်းတော်ကဿပဘုရားငွေ ကျပ်သိန်းပေါင်း ထောင်ချီအလွဲသုံးစားပြုလုပ်တယ်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားထားပေမယ့် အရေးယူမှုအပိုင်း ကြန့်ကြာနေလို့ တိုင်ကြားသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ်ရှိ အလောင်းတော်ကဿပဘုရားမှာ ၄ မြို့နယ် ဂေါပကအဖွဲ့ကနေ နှစ်စဉ် ငွေကျပ်သိန်းပေါင်း ထောင်နဲ့ချီကာ အလွဲသုံးစားလုပ်နေတဲ့အပေါ် လွန်ခဲ့တဲ့ ၂ လကျော်ကတည်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားထားတယ်လို့ ဆိုပါတယ်။ ၂၀၁၆-၁၇ ခုနှစ်ကနေ ၂၀၁၇-၁၈ ခုနှစ်အတွင်း ဘုရားငွေအလွဲသုံးစားလုပ်ထားတယ်ဆိုကာ စီဒီချပ်တွေအပါအဝင် စာမျက်နှာ ၆၄ မျက်နှာပါတဲ့ စာရွက်စာတမ်း အထောက်အထားတွေနဲ့ အဂိတိုက်ဖျက်ရေးကော်မရှင်ကို ဦးအောင်ဝင်းဦး ဆိုသူက ဦးဆောင်တိုင်တန်းခဲ့တာပါ။ မတ်လအတွင်းက အဂတိတိုက်ဖျက်ရေးကော်မရှင်ကနေ တိုင်းအစိုးရကို ရက်ပေါင်း ၆၀ အတွင်း စိစစ်စစ်ဆေးပြီး ပြန်လည်တင်ပြဖို့ ညွှန်ကြားခဲ့ကာ ခရိုင်ကနေ စုံကော်ဖွဲ့ စစ်ဆေးနေ ပေမယ့် ရက်ပေါင်း ၆၀ ကျော်လာတဲ့အထိ ထူးခြားမှုမရှိသေးတဲ့အပြင် ဌာနဆိုင်ရာနှင့် ဂေါပကအဖွဲ့ ပူးပေါင်းမယ့် အနေအထားတွေ ရှိနေတာကြောင့်ဆိုကာ ဒီသတင်းစာရှင်းလင်းပွဲကို ပြုလုပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဂေါပကအဖွဲ့ကနှစ်စဉ်ပြုလုပ်တဲ့ ရှင်းတမ်းမှာ ပစ္စည်းဝယ်ယူတာ၊ လမ်းတံတား အဆောက်အဦ လုပ်ဆောင်တာ၊ ဈေးကောက်၊ ဘုရားရွှေ၊ အလှူငွေအထိ အကြောင်းအရာ ၅၂ ခုစလုံးမှာ စာရင်းလိမ်ပြီး ငွေကြေးအလွဲသုံးစားတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ အသေးအဖွဲကိစ္စတွေမပါဘဲ သိသာထင်ရှားတဲ့ မီးစက်ဝယ်တာ၊ ဘက်ဟိုး၊ ကားဝယ်ယူတာတွေမှာ သိန်းပေါင်း ရာနဲ့ချီ စာရင်းလိမ်တင်ထားတာတင် ၂ နှစ်အတွင်း ကျပ်သိန်း ၂ ထောင်ကျော်စာရင်းကွာဟနေတယ်လို့ ဦးအောင်ဝင်းဦးက ပြောပါတယ်။ ဘုရားဖူးရာသီ ၄ လအတွင်း အလောင်းတော်ကဿပကို နှစ်စဉ် ပြည်တွင်းပြည်ပ ဘုရားဖူး ခရီးသွားဧည့်သည် သိန်းနဲ့ချီလာရောက် လည်ပတ်လေ့ရှိပါတယ်။ ဘုရားဖူးရာသီမှာ နှစ်စဉ် ရရှိငွေက ကျပ်သိန်းပေါင်း သောင်းဂဏန်းခန့် ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဂေါပကရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းနဲ့မညီဘဲ လုပ်ငန်းတွေ လုပ်ဆောင်ရာမှာလည်း တင်ဒါမခေါ်ဘဲ နီးစပ်ရာနဲ့ အဆင်ပြေသလို လုပ်နေကြသလို တချို့ အဆောက်အဦတွေအတွက် ငွေထုတ်ပြီးတာ နှစ်ချီကြာပေမယ့် အဆောက်အဦက အကောင်အထည်မဖော်သေးတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ "ဘုရားဖူးတွေ မရှိချိန်မှာ ဂေါပကအဖွဲ့က ဘုရားရှေ့မှာ စုဖွဲ့ထိုင်ပြီး ဖဲရိုက်နေတာကိုလည်း မှတ်တမ်းဓာတ်ပုံနဲ့တကွ ရှိတဲ့အပြင် ကျိုက်ထီးရိုးလို ဂေါပကအဖွဲ့အသစ်ပြောင်းလဲပြီး ဘုရားဖူးတွေ ယုံကြည်လောက်တဲ့ ယာယီဂေါပကကိုလည်း အမြန်ဆုံးဖွဲ့စည်းပေးစေချင်တယ်"လို့ သတင်းစာရှင်းလင်းပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သပြေအေးဆရာတေ် ဦးသောပါက ပြောပါတယ်။ အလောင်းတော်ကဿပက ထင်ရှားကျော်ကြားတဲ့နေရာတခုဖြစ်ပြီး နှစ်စဉ်လူဦးရေ သိန်းချီလာရောက်လည်ပတ်တဲ့ ခရီးသွားနေရ တခုဖြစ်ပေမယ့် ဒေသမှာတော့ သိသာတဲ့ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးပါဘူး။ ငွေကြေးအလွဲသုံးစားမှုတွေနဲ့ပတ်သက်လို့ တိုင်းအစိုးရကို အကြိမ်ကြိမ်တိုင်ကြားခဲ့ပေမယ့် အရေးယူဆောင်ရွက်မှု မရှိခဲ့တဲ့အတွက် အဂတိလိုက်စားမှုကော်မရှင်ထံ တိုင်ကြားခဲ့တာပါ။ ငွေကြေးအလွဲသုံးစားလုပ်နေတာတွေကို သက်သေအထောက်အထားအပြည့်အစုံနဲ့ တိုင်ကြားထားတာဖြစ်တဲ့အတွက် ထိထိရောက်ရောက်စုံစမ်းစစ်ဆေးကာ အရေးယူဆောင်ရွက်ပေး စေချင်နေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အလောင်းတော်ကဿပ ၄ မြို့နယ်ဂေါပကအဖွဲ့ ကိုတော့ ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024