Home
မြန်မာသတင်း
သီးစားချထားသည့်မြေ စွန့်လွှတ်ပေးရန် ၀မ်းတွင်းတောင်သူများ ဆန္ဒပြ
DVB
·
June 1, 2019
ဓားမဦးချလုပ်ကိုင်လာတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် မန္တလေးတိုင်း ဒေသကြီး ဝမ်းတွင်းမြို့နယ် ရှမ်းရိုးမတောင်ခြေ အမှတ် ၈ တောင်ကြီးကုန်းစိုက်ကွင်း၊ စမြဲတောင်စိုက်ကွင်းမှာ တောင်သူ ၈၀ ကျော် ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြတောင်သူတဦးက “၁၉၇၁ ခုနှစ်ကာလလောက်က ကျနော်တို့ဆီက စိုက်ပျိုးရေး ဌာနက သိမ်းယူသွားတယ်။ သိမ်းဆည်းထားတဲ့ မြေတွေ ပြန်လည်စွန့်လွှတ်ပေးနေတယ်၊ ဒီမြေတွေကိုတော့ ပြန်မစွန့်လွှတ်သေးတာကြောင့် ဆန္ဒပြရတာပါ” လို့ ပြောပါတယ်။ ဝမ်တွင်းမြို့မရဲစခန်း တာဝန်ကျရဲအရာရှိက "ငြိမ်းစုစီ ခွင့်ပြုမိန့် မရှိပါဘူး။ အနီရောင်အလံ အခု ၄၀ လောက် ကိုင်ဆောင်ထားတယ်။ ဆိုင်းဘုတ် ၈ခု ပါတယ်။ အဲဒါတွေကို မြေပြင်မှာစိုက်ထူထားတယ်" လို့ပြောပါတယ်။ ဓားမဦးချလုပ်ကိုင်ခဲ့တဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေးနဲ့ ဓားမဦးချ တောင်သူပိုင်မြေဖြစ်သည် မည်သူမျှမကျုးကျော်ရ ဗီနိုင်းဆိုင်းဘုတ်တွေ မြေပြင်မှာ စိုက်ထူထားပြီး ဒီနေ့အထိ တောင်သူ ၂၀ လောက် ဆန္ဒထုတ်ဖော်နေတယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးစိုးမင်းထက်က “ဒီမြေတွေက သစ်တောကြိုးဝိုင်းပိုင် မြေတွေပါ။ စိုက်ပျိုးရေးဌာနက စွန့်လွှတ်ရင် သစ်တောဌာနပိုင်ဖြစ်မယ်၊ အဲဒီမြေတွေကို အစုအဖွဲ့ပိုင်သစ်တောအဖြစ် စိုက်ပျိုးလုပ်ကိုင်မယ့်သူတွေကို ပေးအပ်မှာပါ၊ လွှတ်တော်ကိုလည်း တင်ပြထားပြီးသားပါ” လို့ ပြောပါတယ်။ သီးစားလုပ်ကိုင်နေသူ ဒေါ်အေးညိုက “တနှစ်ကို ပဲတီစိမ်း ၂ တင်း သီးစားခအဖြစ် စိုက်ပျိုးရေးဌာနကို ပေးသွင်းပြီး ဒီမြေပေါ်မှာ တောင်သူလုပ်လာတာ နှစ် ၂၀ ကျော်ပြီ။ ပဲတီစိမ်း တတင်းကို ၃ ထောင်လောက်တန်ဖိုးကတည်းက လုပ်ကိုင်လာတာပါ။ အခု ပဲတီစိမ်း တတင်းကို ၄ သောင်းလောက် ဖြစ်လာပြီ။ အဲလို သီးစားပေးလုပ်လာတဲ့ တောင်သူ ၈၀ လောက်ရှိနေတယ်။ ကျမလုပ်နေတာကိုက မြေ ၁၀ ဧက လောက်ရှိတယ်” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် ရှမ်းရိုးမတောင်ခြေမှာ သစ်တောဦးစီးဌာနပိုင် မြေဧက ၃၈၅၀ လောက်ကို စိုက်ပျိုးရေးဌာနက ငှားရမ်းလုပ်ကိုင်လာတာ ၁၉၇၂ လောက်ကတည်းကဖြစ်ပြီး အခုအခါမှာ သစ်တောဌာနကို ပြန်လည်အပ်နှံတော့မှာ ဖြစ်ပါတယ်။ ဒီမြေတွေမှာ သီးစားလုပ်ကိုင်နေတဲ့ တောင်သူတွေနဲ့ မြေအသိမ်းခံခဲ့ရတဲ့ တောင်သူတွေ အစုအဖွဲ့ ၂ ခု အငြင်းပွားမှု ဖြစ်နေတာ ၂၀၁၃ ခုနှစ်ကနေ ၆ နှစ်လောက် ကြာမြင့်ခဲ့ပေမယ့် ဒီနေ့အထိ တိတိကျကျ ဖြေရှင်းပေးမှု မရှိသေးဘူးလို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024