တပ်မတော်က ဆင်သေကျေးရွာသားများအား ခေါ်ယူစစ်ဆေး၍ ဓာတ်ပုံရိုက်မှတ်တမ်းယူ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တော်ဖျားချောင်းအထက်က ဆင်သေကျေးရွာမှာ တပ်မတော်တပ်မ ၂၂ က ကျေးရွာသားတွေအား ရွာစာသင်ကျောင်းကို ခေါ်ယူစစ်ဆေးပြီး ဓာတ်ပုံရိုက် မှတ်တမ်းယူတာတွေ လုပ်နေတယ်လို့ ကျေးရွာ ကျောင်းထိုင်ဆရာတော်က ဒီဗွီဘီကို မိန့်ပါတယ်။ ဇွန်လ ၁ ရက်နေ့ မနက်ပိုင်း ၈ နာရီက တပ်မတော်စစ်ကြောင်းက ရွာထဲဝင်ရောက်ပြီး ရွာမှာရှိတဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီးတွေကိုခေါ်ယူကာ မိသားစုလိုက်ဓာတ်ပုံ ရိုက်တာတွေ၊ မှတ်တမ်းယူတာတွေ ဆောင်ရွက်နေတာလို့ ဆရာတော်ကမိန့်ပါတယ်။ “ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်ဖြစ်မယ်။ စစ်တပ်ကနေ စစ်သားအင်အား ၁၀၀ ကျော်လောက်ရှိမယ်။ ရွာထဲဝင်လာတယ်။ ပြီးတော့ သိပ်မကြာဘူး၊ ရွာဆော်က လာအော်တယ်။ ရွာမှာရှိတဲ့ ယောက်ျား၊ မိန်းက၊ ကလေးလူကြီး တယောက်မကျန် စာသင်ကျောင်းကို လာရမယ်လို့ ပြောတယ်။ အဲ့ဒီမှာ ရွာထဲမှာရှိတဲ့လူတွေ စာသင်ကျောင်းသွားရတယ်။ အဲ့ဒီမှာ စစ်သားတွေက အကုန်စစ်တယ်။ ဦးဇင်း စာသင်ကျောင်း သွားရောက်သွားတဲ့အချိန်မှာ ၁၁ နာရီထိုးပြီ၊ အဲ့ဒီမှာ မိသာစုလိုက်ဓာတ်ပုံ ရိုက်ခိုင်းတယ်။ မိန်းကလေး တချို့ကိုတော့ ပြန်လွှတ်လိုက်တယ်။ ယောက်ျားတွေကို စာသင်ကျောင်းကွင်းအလယ်မှာ စုထားတယ်။ အခြေအနေကတော့ ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိရသေးဘူး” လို့ပြောပါတယ်။ ဆင်သေကျေးရွာကိစ္စနဲ့ပတ်သက်လို့ ဒီကနေ့မနက်ပိုင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်တဲ့အခါမှာ သူအနေနဲ့ အခုကိစ္စကို မသိရှိသေးဘူးလို့ ဒီဗွီဘီကိုပြောပါတယ်။ “ဘယ်ရွာလဲခင်ဗျ၊ အဲ့ဒါတော့ ကျနော်တို့ မသိရသေးဘူး။ ဒီနေ့ ဖြစ်တာဆိုတော့ ကျနော်တို့ အဲ့ဒါကို လောလောဆယ် မသိရသေးဘူးခင်ဗျ” လို့ ပြောပါတယ်။ အဲ့ဒီဆင်သေကျေးရွာက ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းအထက်မှာ တည်ရှိတာဖြစ်ပြီး အိမ်ခြေ ၅၀၀ ကျော်လောက်ရှိတယ်လို့ ဆရာတော်က မိန့်ပါတယ်။ မကြာသေခင်ကလည်း ကျောက်တန်းကျေးရွာ စာသင်ကျောင်းမှာ တပ်မတော်က ရွာသား ၂၇၀ ကျော်ကို ဖမ်းဆီးထားစဉ် ပစ်ခတ်မှုဖြစ်ခဲ့လို့ ကျည်ထိမှန်ပြီး ၇ ဦးသေဆုံးခဲ့ပါတယ်။ ကျောက်တန်းကျေးရွာလို အဖြစ်မျိုးဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up