ဟန်ဂေရီတွင် အပျော်စီးသင်္ဘောတစီး တိမ်းမှောက်၊ ၇ ဦးထက်မနည်း သေဆုံး

ဟန်ဂေရီနိုင်ငံ မြို့တော် ဘူဒါပက်စ်က ဒန်ယူမြစ်ထဲမှာ မေလ ၂၉ ရက်နေ့က တောင်ကိုရီးယား ခရီးသွားတွေ လိုက်ပါလာတဲ့ အပျော်စီးသင်္ဘောတစီး တိမ်းမှောက်ခဲ့တာကြောင့် လူ ၇ ယောက်ထက်မနည်း သေဆုံးပြီး ၁၂ ယောက်ကျော် ပျောက်ဆုံးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီသင်္ဘောဟာ ဟန်ဂေရီလွှတ်တော် အဆောက်အဦနားမှာ တခြား ကမ္ဘာလှည့် ခရီးသည်တင် ရေယာဉ်တစီးနဲ့ တိုက်မိ နစ်မြုပ်ခဲ့တာပါ။ သင်္ဘောမှောက်တဲ့အချိန်မှာ မုန်တိုင်းအရှိန်ကြောင့် ဒန်ယူမြစ်ထဲမှာ မြစ်ရေမြင့်တက်နေပြီး ရေစီးလည်း သန်နေပါတယ်။ ဟန်ဂေရီ အာဏာပိုင်တွေဟာ လှေတွေ၊ ရေငုပ်သမားတွေနဲ့ ကယ်ဆယ်ရေးလုပ်နေပြီး မြစ်ထဲကို အသေးစိတ်ကြည့်လို့ရတဲ့ ရေဒါစနစ်နဲ့လည်း မေ ၃၀ ရက် မနက်ထိ ရှာဖွေနေဆဲပါ။ အဲဒီသင်္ဘောပေါ်မှာ တောင်ကိုရီးယား ခရီးသည် ၃၃ ယောက်နဲ့ သင်္ဘောဝန်ထမ်း နှစ်ယောက် လိုက်ပါလာတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းကလည်း အဲဒီသင်္ဘော တိမ်းမှောက်မှုကို ကယ်ဆယ်ရေး အပြည့်အဝလုပ်ပေးဖို့ မေလ ၂၃ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။ အခင်းဖြစ်တဲ့နေရာကို အရေးပေါ်အဖွဲ့ စေလွှတ်ဖို့နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ဗဟိုတုံ့ပြန်ရေးအဖွဲ့ ဖွဲ့ဖို့ သမ္မတ မွန်းဂျဲအင်းက အစိုးရအဖွဲ့ကို ညွှန်ကြားခဲ့တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up