ချဲလ်ဆီးအသင်းကို နှုတ်ဆက်ရမည့်အချိန် ရောက်ပြီဟု ဟာဇက် ပြော

ဓာတ်ပုံ - Getty Images
ချဲလ်ဆီးအသင်းကို နှုတ်ဆက်သွားတော့မယ်လို့ တောင်ပံကစားသမား ဟာဇက်က ဝန်ခံပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲအပြီး BT စပေါ့နဲ့ အင်တာဗျူးမှာ ဟာဇက်က ပြောကြားလိုက်တာပါ။ အစပိုင်းမှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ရက်အနည်းငယ်အတွင်း ဆုံးဖြတ်ချက်ချမှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းကို နှုတ်ဆက်ရတော့မယ့်အချိန် ရောက်ပြီလားလို့ မေးတဲ့အချိန်မှာတော့ နှုတ်ဆက်ချိန်ရောက်ပြီလို့ ထင်ပြီး စိန်ခေါ်မှုသစ်တခု လုပ်ဆောင်ရမယ့်အချိန် ရောက်နေပြီလို့လည်း ဟာဇက်က ဝန်ခံပြောကြားသွားပါတယ်။ ဟာဇက်ကို ရီးရဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်ကိုယ်တိုင်က ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ပြောကြာထားတာပါ။ ချဲလ်ဆီးအသင်းဘက်ကလည်း ရီးရဲလ်အသင်းရဲ့ ပေါင် ၁၁၅ သန်းနဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီလို့ သတင်းတွေက ဖော်ပြကြပါတယ်။ လက်ရှိအချိန်မှာ ကလပ်အသင်း နှစ်သင်းစလုံးရဲ့ သဘောထားအပေါ် မူတည်နေပြီး ပရိသတ်တွေလိုပဲ  အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး စောင့်မျှော်နေတယ်လို့ ဟာဇက်က ဆိုပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားဖို့က အိပ်မက်တခု ဖြစ်ခဲ့ပေမယ့် ၇ နှစ်ကြာ ကစားခဲ့ပြီဖြစ်လို့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရတော့မယ့်အချိန် ရောက်ပြီလို့ ဟာဇက်က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up