Home
မြန်မာသတင်း
ဖိုင်ဘာကေဘယ်လ်သွယ်တန်းခ မရသဖြင့် Mytel ကို ဆန္ဒပြ
DVB
·
May 30, 2019
ဖိုင်ဘာကေဘယ်လ် သွယ်တန်းတဲ့ လုပ်ငန်းလုပ်ကိုင်ပြီး လုပ်ငန်းပြီးစီးခဲ့ပေမယ့် တနှစ်ကျော်ကြာတဲ့အထိ အလုပ်သမားခမရရှိလို့ဆိုပြီး ဒီကနေ့မနက်ပိုင်းက ပုသိမ်မြို့မှာ အလုပ်သမားတွေက ဆက်သွယ်ရေးအောပရေတာ တခုဖြစ်တဲ့ Mytel ကုမ္ပဏီကို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ပုသိမ်မြို့က Mytel ရုံးရှေ့မှာ ငြိမ်သက်စွာ အသံတိတ်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး အလုပ်သမားခအမြန်းဆုံးရရှိရေးအတွက် ဖြေရှင်းဆောင်ရွက်ပေးစေချင်ကြောင်း ဗီနိုင်းကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဆန္ဒပြအလုပ်သမားတွေဟာ Mytel နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ဆန်းမျိုးအောင် ကုမ္ပဏီက အလုပ်သမားတွေဖြစ်ပြီး ဟင်္သာမြို့မှာ လုပ်ငန်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ Mytel က ငွေမချေသေးတာကြောင် ကုမ္ပဏီကလည်း အလုပ်သမားခတွေ မပေးနိုင်ဖြစ်ပြီး တနှစ်ကျော်ကြာတဲ့အချိန်အထိ အလုပ်သမားခ တပြားတချပ်မှ မရသေးတာကြောင့် အခုလို ဆန္ဒထုတ်ဖော်ရတာဖြစ်ပြီး မကျေလည်ရင် နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ထိ တိုင်ကြားသွားမယ်လို့ အလုပ်သမားခေါင်းဆောင် ကိုအောင်တေဇာထွန်းကပြောပါတယ်။ Mytel ကုမ္ပဏီက ငွေရရှိမှ အခုပ်သမားတွေကို ငွေချေမယ်ဆိုပြီး အလုပ်သမားတွေနဲ့ စာချုပ်ချုပ်ဆိုထားတာလို့ ဆန်းမျိုးအောင် ကုမ္ပဏီဒါရိုက်တာ ကိုရဲထွဋ်လင်းက ပြောပါတယ်။ ကုမ္ပဏီအနေနဲ့ အကြိမ်ကြိမ်တွေ့ဆုံ ငွေတောင်းခံပေမယ့် လက်ရှိအချိန်ထိ မရရှိသေးဘူးလို့ ဆိုပါတယ်။ စုစုပေါင်း အလုပ်သမား ၂၀ ရှိပြီး ငွေကျပ် သိန်း ၃၀၀ ကနေ ၄၀၀ ကြားရဖို့ ရှိတာလို့ ကိုရဲထွဋ်လင်းက ပြောပါတယ်။ အခုဆန္ဒထုတ်ဖော်ခံရတာနဲ့ ပတ်သက်လို့ ဧရာတီတိုင်းရဲ့ Mytel ရုံးက တာဝန်ရှိသူတဦးကို မေးမြန်းခဲ့ပေမယ့် ဖြေရှင်းဖို့ အကြောင်းမရှိဘူးလို့ ပြောပါတယ်။ သတင်း၊ဓာတ်ပုံ - သော်ဇင်မျိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024