Home
မြန်မာသတင်း
မေ ၃၀ အောက်မေ့ဖွယ်အခမ်းအနား ကြည်ရွာတွင် ပြုလုပ်
DVB
·
May 30, 2019
မေ ၃၀ ဒီပဲယင်း အရေးအခင်း ၁၆ နှစ်မြောက်အောက်မေ့ဖွယ် အခမ်းအနားကို ဒီပဲယင်းမြို့နယ်၊ ကြည်ရွာမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအောက်မေ့ဖွယ်အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်နဲ့ အန်အယ်လ်ဒီဗဟိုပြန်ကြားရေးအဖွဲ့မှ မုံရွာအောင်ရှင်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဇနီး၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီတာဝန်ရှိသူတွေ၊ ပါတီဝင်တွေ၊ အရေးအခင်းမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေ၊ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။ ရွာထိပ်မှာ သေဆုံးသူတွေအတွက် လွမ်းသူ့ပန်းခွေချတာ၊ ပင့်ဖိတ်ထားတဲ့ သံဃာတော်တွေကို သေဆုံးသူတွေအတွက် ရည်စူးပြီး ဆွမ်းကပ်အမျှဝေတာ၊ တက်ရောက်လာတဲ့ ဧည့်ပရိသတ် ထောင်ပေါင်းများစွာကို ထမင်းကျွေးမွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ “သမိုင်းဆိုတာ ခွင့်လွှတ်လို့ ရပေမယ့် မေ့လို့မရဘူး။ အာဏာရှင်စနစ်ကို မကြိုက်ဘူး၊ အာဏာရှင်စနစ်မှာ ဖြစ်ပျက်လာတဲ့ ဖြစ်ပျက်မှုက မေ့လို့မရအောင် ဖျောက်ပစ်လို့မရအောင် ဖြစ်ခဲ့တယ်ဆိုတာကို သတိရစေဖို့။ လက်စားချေဖို့မဟုတ်ဘူး။ ဒီလို အဖြစ်အပျက်တွေကို လက်မခံနိုင်ဘူးဆိုတာ သိအောင် လုပ်တာ။ ဒီပဲယင်း နိုင်ငံရေး အကြမ်းဖက် လုပ်ကြံမှုလို့ ပြောမှ ပြည့်စုံမှာ” လို့ မုံရွာအောင်ရှင်က ပြောပါတယ်။ ၂၀၀၃ ခုနှစ် မေ ၃၀ ရက်က ဒီပဲယင်းမြို့အနီး ကြည်ရွာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ လိုက်ပါလာတဲ့ ပါတီစည်းရုံးရေးယာဉ်တန်းကို စစ်အစိုးရလက်ပါးစေတွေက ညအမှောင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူ ရာနဲ့ချီရှိနိုင်တယ်လို့ ကိုယ်တွေ့ကြုံရသူတွေက ခန့်မှန်းပါတယ်။ သေဆုံးသူတွေအတွက် ပေးဆပ်ခဲ့ရတဲ့ အသက်သွေးချွေးတွေက အခုအချိန်ထိတော့ တန်တယ်လို့ ပြောမရသေးဘူးလို့ အရေးအခင်းမှာ ပါဝင်ခဲ့သူတဦးက ပြောဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024