Home
မြန်မာသတင်း
မြန်မာနှင့် ကုလအေဂျင်စီနှစ်ခုတို့ အကြား သုံးပွင့်ဆိုင်သဘောတူညီချက် သက်တမ်းတိုး
DVB
·
May 30, 2019
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ကူညီ ဆောင်ရွက်ပေးဖို့ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအေဂျင်စီ နှစ်ခုတို့ အကြား နားလည်မှု စာချွန်လွှာ သဘောတူညီချက်ကို သက်တမ်း နောက်ထပ် တနှစ် ထပ်တိုးလိုက်ပါတယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၊ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့အကြား Exchange of Letters လက်မှတ်ရေးထိုးပွဲကို မေလ ၂၈ ရက်က နေပြည်တော်မှာ ကျင်းပပြီး သက်တမ်းထပ်တိုးလိုက်တာလို့ အစိုးရက သတင်းထုတ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈  ဇွန်လ ၆ရက်က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်ရေး လုပ်ငန်းစဉ်တွေ ဆက်လက် ဆောင်ရွက်နိုင်ဖို့ ၂၀၁၉  ဇွန် ၆ ရက်မှ ၂၀၂၀ ဇွန် ၅ ရက်အထိ တနှစ်သက်တမ်း ထပ်တိုးလိုက်တာပါ။ အဆိုပါ သုံးပွင့်ဆိုင် အမ်အိုယူ သဘောတူညီချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့နဲ့ ကွင်းဆင်းအကဲဖြတ်မှုတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ကျေးရွာအုပ်စုတွေကို အတည်ပြုပေးခဲ့ပြီးပြီလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။ သဘောတူညီချက်အရ UNDP နဲ့ UNHCR ဝန်ထမ်းတွေကို ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ ၁၀ရွာနဲ့  မောင်တောမြို့နယ်ရှိ ကျေးရွာ ၁၄ရွာတို့မှာ ပထမ အသုတ်အဖြစ် ရပ်ရွာအခြေပြု စီမံကိန်း ၃၅ ခုအနက် ၂၁ ခု ဆောင်ရွက်ခွင့်ပေးထားတယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ ၂၀နဲ့  မောင်တောမြို့နယ်ရှိ ၁၅ ရွာမှာ ဆောင်ရွက်မယ့် ဒုတိယအသုတ် ရပ်ရွာအခြေပြု စီမံကိန်း ၃၆ ခုမှာ ၁၃ခုကို လုပ်ကိုင် ဆောင်ရွက်ခွင့်  အခုနှစ် ဧပြီလ ၁၉ ရက်အထိ နယ်မြေဒေသလုံခြုံရေး အခြေအနေ လေ့လာ ဆန်းစစ်စုံစမ်း ဆောင်ရွက်ဖို့ ခွင့်ပြုပေးထားတယ်လို့လည်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ ၂၀၁၈  အောက်တိုဘာ ၃၀ ရက်က ကျင်းပတဲ့ တတိယအကြိမ် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေး အပြီး နေရပ်စွန့်ခွာသူ ၂၂၄၃၂ ဦးနဲ့ ပတ်သက်တဲ့ လိုအပ်တဲ့ စိစစ်မှုတွေ ဆောင်ရွက်နေတယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ အာဆာအကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သိန်းနဲ့ချီတဲ့ လူတွေ နေရပ်စွန့်ခွာထွက်ပြေးသွားခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ကြောင်း အတည်ပြုနိုင်တဲ့ နေရပ်စွန့်ခွာသွားသူတွေကို မြန်မာအစိုးရက ပြန်လည်လက်ခံဖို့ ပြင်ဆင်ထားပေမယ့် ဒုက္ခသည်တွေကတော့ ပြန်မလာကြသေးပါဘူး။ ဓာတ်ပုံ-MOI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024