ကမ္ဘာ့ရှားပါးစာရင်းဝင် မြန်မာ့ရွှေသမင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ဧက ၆၄၀၀၀ ကျော် ကျယ်ဝန်းတဲ့ ချပ်သင်း ရွှေသမင်ဘေးမဲ့တောအတွင်း ၂၀၁၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ တနှစ်တာကာလအတွင်း မြန်မာ့ရွှေသမင်အကောင်ရေ ၅၂၀ ထိ တိုးပွားလာတယ်လို့ ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သမင်ကောင်ရေ ခန့်မှန်းစာရင်း ကောက်ယူတာကို ဘေးမဲ့တောအတွင်း သမင်ကောင်ရေ သိပ်သည်းမှု သိရှိနိုင်ရန်၊ သမင်တို့ရဲ့ အလေ့အထ ကျက်စားရာ၊ အထီးအမ အချိုးအစား သိရှိနိုင်ရန်၊ လူ့ပရောဂကြောင့် မှီခိုတော ပျက်စီးမှုအခြေအနေကို မှတ်တမ်းတင်နိုင်ရန်၊ ဝန်ထမ်းတွေရဲ့ အတွေ့အကြုံ စွမ်းဆောင်ရည် မြင့်မားလာစေရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ စာရင်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။ အရင်က အကောင်ရေ ၈၈၉ ကောင်သာ ရှိခဲ့ရာမှ ဒီနှစ်မှာ ၁၄၀၉ ကောင်ထိရှိလာပြီး ၅၂၀ တိုးလာခဲ့တာ ဖြစ်ပါတယ်။ ဒါကလည်း အမဲလိုက်တာ၊ ကျော့ကွင်းထောင်တာတွေ နည်းသွားလို့ ဖြစ်တယ်လို့ ဘေးမဲ့တော အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “ဒီနှစ်က မုဆိုးလည်းပဲ နည်းနည်း နည်းသွားတယ်။ အရင်ကထက် သေနတ်သံကြားရတဲ့ အကြိမ်အရေအတွက်လည်း နည်းသွားတယ်။ ပြီးတော့ ထောင်ကွင်းတွေ ဘာတွေလည်း တွေ့ရတာ နည်းသွားတယ်။ ဒါကြောင့် သမင်ကောင်ရေ တိုးလာတာပေါ့။ ရွှေစက်တော်တို့ မဟာမြိုင်တို့မှာ ပူပြင်းတော့ တောရိုင်းတိရစ္ဆာန်တွေအတွက် ရေအခက်အခဲဖြစ်တယ်။ ကျနော်တို့ဆီမှာတော့ ဧပြီလအတွင်း မိုးရွာခဲ့လို့ ရေပြတ်တာမရှိဘူး” လို့ ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမင်းဆွေက ပြောပါတယ်။ ချပ်သင်း ဘေးမဲ့တောဧရိယာက ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း ၃ မြို့နယ်က ကျေးရွာပေါင်း ၄၀ လောက်နဲ့ ထိစပ်နေပါတယ်။ လူဦးရေတိုးပွားလာပြီး လယ်ယာလုပ်ငန်းခွင် ချဲ့ထွင်တာ၊ သစ်တောအပေါ် အလွန်အမင်း မှီခိုတာ၊ အသိပညာ နည်းပါးတာတွေကြောင့် သဘာဝဘေးအန္တရာယ်ထက် လူတွေရဲ့ တိုက်ရိုက်ခြိမ်းခြောက်မှု အန္တရာယ်ကို ပိုမို ကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။ နှစ်စဉ် ဘေးမဲ့တော ပတ်ဝန်းကျင်က ရွာတွေကို ကွင်းဆင်းပြီး အသိပညာပေးတာတွေ ရှိပေမယ့် သိသိသာသာ ပြောင်းလဲတိုးတက်တာတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ “အဓိကကတော့ လူကနေ တိုက်ရိုက်ခြိမ်းခြောက်မှု အန္တရာယ်ပါပဲ။ အမဲလိုက်တာ၊ ဆက်စပ်ဧရိယာ ရွာတွေက များတော့ ထင်း၊ သစ်ဝါးမျောခုတ်တာ၊ စိုက်ပျိုးမြေချဲ့ထွင်တာ၊ သစ်ဥသစ်ဖု စသဖြင့် ဝင်ရောက်စုဆောင်းတာတွေက များလာတယ်။ နှစ်စဉ် ပညာပေးဟောပြောတာ အကြိမ် ၂၀ လောက် လုပ်ဖြစ်တယ်။ ဒါပေမယ့် အသိပညာပေးမှု အားနည်းသေးတယ်လို့ ပြောလို့ရတယ်။ လူထုပူးပေါင်းပါဝင်မှု နည်းသေးတယ်။ ခြုံကြည့်ရင် စားဝတ်နေရေးအတွက် မှီခိုမှုနှင့် ထိန်းသိမ်းမှု နှိုင်းယှဉ်ရင် စားဝတ်နေရေးကိုပဲ ဦးစားပေးနေတုန်းပဲ။ သိသာတဲ့ ပြောင်းလဲမှု မဟုတ်ပေမယ့် ပူးပေါင်းပါဝင်မှု ရှိတော့ ရှိလာပါတယ်။ တိုးတက်မှု အနည်းငယ်တော့ မြင်ရပါတယ်။ ရေရှည်ထိန်းသိမ်းနိုင်ဖို့အတွက် အစိုးရတင်မက ဒေသခံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နည်းပညာ၊ ငွေကြေးအကူအညီတွေ အများကြီး လိုအပ်နေပါသေးတယ်” လို့ ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမင်းဆွေက ပြောပါတယ်။ မြန်မာ့ရွှေသမင်တွေကို ချပ်သင်းဘေးမဲ့တောအပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားတောမှာလည်း တွေ့ရတဲ့အတွက် သစ်တောဌာနရဲ့ တရားဝင် ထိန်းသိမ်းမှုဖြစ်အောင် လုပ်နေတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် မကွေးတိုင်း ရွှေစက်တော် ဘေးမဲ့တောမှာလည်း အကောင်ရေ ၉၅၀ ကျော်ကို ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ သစ်တောဦးစီးဌာန အနေနဲ့လည်း တောရိုင်းတိရစ္ဆာန်တွေအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ရေး ၁၀ နှစ်စီမံချက်ကို ရေးဆွဲကာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကနေ ၂၀၂၈-၂၉ ဘဏ္ဍာနှစ်ထိ စီမံချက်မူကြမ်း ရေးဆွဲထားပြီး အစိုးရရဲ့ အတည်ပြုချက်ရရင် ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့ သိရပါတယ်။ ချပ်သင်းဘေးမဲ့တောမှာ တောရိုင်းတိရစ္ဆာန်အနေနဲ့ အရင်က ကောက်ယူထားတဲ့ စာရင်းအရ ရွှေသမင်အပါအဝင် နို့တိုက်သတ္တဝါ ၁၃ မျိုး၊ ငှက်မျိုးစိပ် ၂၄၀ ကျော်၊ ကုန်းနေရေနေ တွားသွားသတ္တဝါ အနေနဲ့ ဖားမျိုးစိတ် ၁၆ မျိုး၊ မြွေမျိုးစိတ် ၂၃ မျိုး၊ ပုတ်သင်မျိုးစိတ် ၁၂ မျိုးနှင့် လိပ်မျိုးစိတ် ၃ မျိုးရှိပြီး အခြား လိပ်ပြာ၊ ငါးမျိုးစိတ်အချို့လည်း ရှိတယ်လို့ သိရပါတယ်။ မြန်မာ့ရွှေသမင်တွေက ကမ္ဘာပေါ်မှာ မျိုးဆက်ပျက်သုဉ်းလုနီးပါး အန္တရာယ် ကျရောက်နေပြီး နိုင်ငံတကာ သဘာဝထိန်းသိမ်းမှု အဖွဲ့အစည်း (The International Union for Conservation of Nature - IUCN) ရဲ့ အနီရောင်အဆင့် သတ်မှတ်ထားတဲ့ စာရင်းဝင်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေသမင်က မြန်မာ့ဒေသရင်းမျိုးစိတ်ဖြစ်ပြီး သဘာဝအတိုင်း ကျက်စားမှုမှာ မြန်မာနိုင်ငံမှာသာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဘေးမဲ့တောကို ပုံမှန်ဝန်ထမ်း ၁၉ ဦးနဲ့ ကင်းလှည့်ထိန်းသိမ်းနေပြီး ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်အတွင်း သမင်ကောင်ရေ စိုးရိမ်ဖွယ်ရာ ကျဆင်းခဲ့ပါတယ်။ သမင်ကောင်ရေ တိုးပွားရေးအတွက် မိုးရာသီမှာ ဘေးမဲ့တောအတွင်း သင့်တော်တဲ့နေရာတွေမှာ ဆားကျင်းတွေ ပြုလုပ်တာ၊ မြေကွက်လပ်တွေမှာ စပါး၊ ပြောင်းတို့ ကျဲပက်တာ၊ တဖက်ပိတ်ဆည်နဲ့ ရေလှောင်ကန် ရေစုကန် စတာတွေကိုလည်း ၁၀ နှစ်စီမံချက်မှာ ထည့်သွင်းရေးဆွဲထားတယ်လို့ သိရပါတယ်။ ရွှေသမင်တွေက တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ချပ်သင်း၊ ရွှေစက်တော် စတဲ့ သစ်တောထိန်းသိမ်းမှုအောက်မှာ အကောင်ရေ ၂၀၀၀ ကျော်သာ ရှိတော့တာဖြစ်ပါတယ်။ မျိုးသုဉ်းမယ့် အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် ဌာန၊ ဒေသခံအပြင် ပြည်တွင်းပြည်ပက အဖွဲ့အစည်းပေါင်းစုံက နည်းပညာ၊ ငွေကြေးတွေနဲ့ အချိန်မီထိန်းသိမ်းဖို့ အရေးကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။ ရှားပါးအပင်နှင့် တောရိုင်းတိရစ္ဆာန်တွေ လျော့နည်းပပျောက်မှုကနေ ကာကွယ်တားဆီးဖို့ အတွက်လည်း နိုင်ငံတော်ကနေ သဘာဝတောတွေကို တည်ထောင်ထိန်းသိမ်း လုပ်ဆောင်နေပါတယ်။ စစ်ကိုင်းတိုင်းမှာ တည်ထောင်ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ သဘာဝနယ်မြေ ၅ ခုရှိပြီး နောက်ထပ် တိုးချဲ့နေရာ ၅ ခုကို အဆိုပြုထားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာ တည်ထောင်ပြီး သဘာဝနယ်မြေအဖြစ် ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ မင်းဝံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်နှင့် ဟူးကောင်းချိုင့်ဝှမ်း တိုးချဲ့ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဆိုပြီး ၅ ခုရှိပါတယ်။ အဲဒီထဲက ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို အာဆီယံအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး လုပ်ဆောင်နေပါတယ်။ နောက်ထပ်အဆိုပြုဧရိယာတွေအဖြစ် မဟာမြိုင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ဗောဓိတထောင် သဘာဝကြိုးဝိုင်းနှင့် ဇလုံတောင် အမျိုးသားဥယျာဉ်၊ လင်းနို့ဂူ စတဲ့ ၄ နေရာတို့ကို တိုးချဲ့ပြီး သဘာဝတောတွေအဖြစ် တည်ထောင်သွားရန် အဆိုပြုထားတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းက ကောင်းမွန်တဲ့ သစ်တောတွေ၊ ဂေဟစနစ်တွေ အများကြီး ကျန်နေသေးပြီး ရှားပါးအရေးပါတဲ့ မြန်မာ့ရွှေသမင်၊ ကျား၊ ဆင်၊ အင်းကျား၊ မျောက်လွှဲကျော်၊ ဝက်ဝံ၊ မျိုးသုဉ်းတော့မယ့် မြန်မာတိုက်လိပ်နှင့် ကမ္ဘာ့ရှားပါးမြစ်တွေး၊ တောဘဲမန်ဒါလီ၊ ငဟစ်ဝမ်းဖြူ စတဲ့ ဇီဝမျိုးစုံ မျိုးကွဲတွေ ကျင်လည်ကျက်စားနေဆဲ ဖြစ်ပါတယ်။ သဘာဝနယ်မြေတွေကို နိုင်ငံတော်ရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒတွေကို အကောင်အထည်ဖော်ရန်၊ ဂေဟစနစ်နှင့် သဘာဝအပင်၊ တောရိုင်းတိရစ္ဆာန်၊ သက်ရှိသက်မဲ့ ဖွဲ့စည်းမှု၊ မြန်မာနိုင်ငံမှာသာ တွေ့ရတဲ့ ဒေသမျိုးရင်းအပင်နှင့် သတ္တဝါတို့ကို ကာကွယ်ထိန်းသိမ်းရန်၊ သဘာဝသိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ဆိုပြီး ရည်ရွယ်ကာ သဘာဝတောတွေကို ဖွဲ့စည်းခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သဘာဝနယ်မြေ အမျိုးအစား ၇ မျိုးရှိပါတယ်။ ဒီလို သဘာဝနယ်မြေတွေ တည်ထောင်ခြင်းအားဖြင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကိုလည်း ဖွံ့ဖြိုးတိုးတက်လာစေနိုင်ပြီး ဒေသဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေးတွေကို ရှေးရှုနိုင်မှာဖြစ်ပါတယ်။ သဘာဝနယ်မြေ တည်ထောင်တာ၊ ထိန်းသိမ်းတာ စတဲ့လုပ်ငန်းတွေမှာ သစ်တောဦးစီးဌာနအပြင် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့နဲ့ ပူးပေါင်းကာ လုပ်ဆောင်နေပါတယ်။ သဘာဝနယ်မြေတွေမှာ ကင်မရာ ထောက်ချောက်တွေ တပ်ဆင်ပြီး မှတ်တမ်းတင်တာ၊ သုတေသန ပြုတာတွေကိုလည်း ဆောင်ရွက်နေပါတယ်။ လက်ရှိထိန်းသိမ်းထားတဲ့ သဘာဝတောတွေမှာတော့ သစ်ခိုးထုတ်တာ၊ အမဲလိုက်တာ၊ သစ်တောထွက်ပစ္စည်း ရှာဖွေတာ၊ လယ်ယာမြေချဲ့ထွင်တာ စတဲ့ ပြဿနာတွေကိုလည်း များစွာရင်ဆိုင်နေရဆဲဖြစ်ပြီး အဓိက တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သစ်တောဦးစီးဌာန အနေနဲ့လည်း ဝန်ထမ်းအင်အား မလုံလောက်တဲ့ အခက်အခဲတွေ ရှိနေဆဲဖြစ်ပါတယ်။ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ နိုင်ငံအတွင်းမှာရှိတဲ့ ရှားပါးအရာတွေ၊ သဘာဝတောတောင်တွေ မကွယ်ပျောက်ဖို့လည်း အလေးထား ဆောင်ရွက်ဖို့ အရေးကြီးလိုအပ်နေပြီ ဖြစ်ပါတယ်။ အောင်ကိုလတ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up