ငွေတောင်းခံမှုဖြင့်အတိုင်ခံရသည့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိကို ခေါ်ယူစစ်ဆေး
အောင်ဆန်းဦး
·
May 28, 2019
တိုင်ကြားခံထားရတဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ တဦးကို ဌာနတွင်းစစ်ဆေးနေပြီး ဥပဒေနဲ့အညီ အရေးယူ သွားမယ်လို့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
မေလ ၂၈ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးဌာနဲ့ သက်ဆိုင်တဲ့ မေးခွန်းအပေါ် ဖြေဆိုမှုအပြီး သတင်းမီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ ပြည်ထောင်စု ဝန်ကြီး အနေနဲ့ အခုလိုပြော ဆိုလိုက်တာဖြစ်ပါတယ်။
"အားလုံး သိပြီးတဲ့အတိုင်းပါပဲ။ သူတို့တောင်းဆိုတဲ့အခါမှာ တချို့ကို ကြန့်ကြာအောင် လုပ်တယ်။ တချို့ကို မြန်အောင်လုပ်တယ်။ အဲဒီအပေါ်မှာ ငွေတောင်းတယ်။ ငွေယူတယ်ပေါ့။ ဒါလေးကို တိုင်ကြားထားတာပါ။ ဒါကိုလည်း အဲဒီတိုင်ကြားခံရတဲ့ သံအရာရှိ ခေါ်ယူစစ်ဆေးနေ တယ်။ တိုင်ကြားသူဘက်ကိုလည်း ခေါ်ယူစစ်ဆေးနေတယ်။ ကျန်တဲ့ MOEA ပေါ့ အဲအဖွဲ့ ကိုလည်း စစ်ဆေးနေတယ်။ အမှုအပေါ်မှာ မူတည်ပြီးတော့ အရေးယူသွားမှာပါ"လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေအထဲက အများစုကတော့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေရတဲ့ မြန်မာအလုပ်သမားတွေကို မြန်မာသံရုံးက ထိထိ ရောက်ရောက် အကူအညီပေးနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။