Home
မြန်မာသတင်း
ပဲခူးဝန်ကြီးချုပ်၏သား ဓားထောက်ခြိမ်းခြောက်ခံရ၊ ဓားဖြင့်ခုခံသည့်တရားခံ ၂ ဦးကိုရဲက သတ်ပုတ်ဖမ်းဆီး
DVB
·
May 28, 2019
ပဲခူးမြို့၊ နန်းတော်ရာဝန်းအတွင်းမှာ မေလ ၂၇ ရက်ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ရဲ့သားဖြစ်သူကို အမျိုးသား ၂ ဦး က ဓားထောက်ခြိမ်းခြောက်ပြီး ငွေနဲ့ ဖုန်းကို တောင်းယူမှု ဖြစ်ပွားခဲ့တယ်လို့  ပဲခူးမြို့ အမှတ် ၁ နယ်မြေ ရဲစခန်းက သိရပါတယ်။ မနေ့ညနေက ၀န်ကြီးချုပ်ရဲ့သား အပါအ၀င် သူငယ်ချင်း ၄ ဦးဟာ ပဲခူးမြို့ နန်းတော်ရာကို သွားရောက်လည်ပတ်ရာမှာ သူငယ်ချင်း ၂ ဦးက အလှဓါတ်ပုံရိုက်နေလို့ အုတ်ခုံမှာထိုင်ပြီး နားနေစဉ် ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ဦး နန်းတော်ရာထဲဝင်လာပြီး ဓါးနဲ့ထောက်ကာ  ဖုန်းနဲ့ ပိုက်ဆံခြိမ်းခြောက် တောင်းယူခဲ့တာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။ အနီးနားရှိ သူငယ်ချင်းတဦးက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံခဲ့တဲ့အတွက် ဓားထောက်ပြီး ခြိမ်းခြောက်နေသူ ၂ ဦးဟာ ဆိုင်ကယ်မောင်းပြီး ထွက်ပြေးသွားခဲ့တယ်လို့ လည်းဆိုပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ပဲခူးမြို့မရဲစခန်းတာဝန်ရှိသူတွေက တရားခံကို လိုက်လံစုံစမ်းရာ နန်းတော်ရာအနီး အိမ်တအိမ်မှာ တပ်ထားတဲ့ စီစီတီဗွီမှတ်တမ်းတွေကနေ တရားခံတွေရဲ့ ပုံတွေရယူအတည်ပြုနိုင်ခဲ့ပြီး ဆက်လက်ရှာဖွေရာမှာ ညနေ ၄ နာရီ ၄၅ လောက်မှာ ပုဏ္ဏားစု ၇လမ်း အနောက်ထိပ်ရှိ မြစိမ်းရောင်စေတီ အနောက်ဘက်ရှိ ချုံနွယ်တွေထဲမှာ မင်းထက်သာနဲ့ သူရိန်ထွန်း တို့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူတို့ နှစ်ဦးကို ဖမ်းဆီးရာမှာ ဓားနဲ့ ပြန်လည်ခုခံခဲ့တဲ့အတွက် ခရိုင်သတင်းတပ်ဖွဲ့တွေနဲ့ နယ်ထိန်းခေါင်ဆောင်ဒု ရဲအုပ်ကိုကိုဇော်အပါအ၀င် နယ်ထိန်းတပ်ဖွဲ့က လုံးထွေး သတ်ပုတ် ဖမ်းဆီးခဲ့ရတယ်လို့လည်း သိရပါတယ်။ ဖမ်းမိသူ ၂ ဦးကို ဆက်လက်စစ်ဆေးရာ မနေ့ညနေက နန်းတော်ရာဝန်းထဲကနေ ထွက်ပြေးပြီးနောက် ပဲခူးမြို့ ကျောက်တွင်းကုန်းပန်းခြံမှာ ဖုန်းနှစ်လုံးကို လုယက်ခဲ့ကြောင်း ၀န်ခံခဲ့လို့ ပဲခူးမြို့ မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၇၊ ၁၁၄၊ ၃၈၂၊ ၅၄ တို့နဲ့ အမှုဖွင့် အရေးယူ ထားပါတယ်။ သတင်း- အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024