ဒါဘီကို ၂ ဂိုး ၁ ဂိုးဖြင့်နိုင်ပြီး အက်စ်တွန်ဗီလာ ပရီးမီးယားလိဂ်သို့ တန်းတက် (ရုပ်သံ)

လာမယ့်ရာသီ ပရီးမီးယားလိဂ် တန်းတက်ခွင့် နောက်ဆုံးလက်ကျန်တနေရာအတွက် အက်စ်တွန်ဗီလာနဲ့ ဒါဘီကောင်တီတို့ရဲ့ ချန်ပီယံရှစ်ပလေးအော့ဖ် ဗိုလ်လုပွဲကို မနေ့ညက ယှဉ်ပြိုင်ရာ ဗီလာက ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး တန်းတက်ခွင့်ရသွားပါတယ်။ အင်္ဂလန် ချန်ပီယံရှစ်အသင်းတွေထဲက ပထမနဲ့ ဒုတိယ ရခဲ့ကြတဲ့ နောဝစ်ခ်ျနဲ့ ရှက်ဖီးယူနိုက်တက်တို့ ပရီးမီးယားလိဂ်ကို တန်းတက်ထားပြီးဖြစ်လို့ နောက်ဆုံးလက်ကျန် တနေရာအတွက် အဆင့် ၃ ကနေ ၆ နေရာရတဲ့ လိဒ်စ်၊ ဝက်စ်ဘရွန်း၊ ဗီလာနဲ့ ဒါဘီ လေးသင်း ယှဉ်ပြိုင်ခဲ့ကြတာပါ။ အဲဒီမှာ ဗီလာက ဝက်စ်ဘရွန်းကို ကျော်ဖြတ်ခဲ့သလို ဒါဘီကလည်း လိဒ်စ်ကို နှစ်ကျော့ပေါင်းရလဒ်နဲ့ အနိုင်ယူပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်လှမ်းလာတာပါ။ ဗိုလ်လုပွဲစဉ်မှာတော့ အက်စ်တွန်ဗီလာက ရေပန်းစားတဲ့အတိုင်း ဒါဘီကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ကို တကျော့ပြန် တက်လှမ်းနိုင်တာ ဖြစ်ပါတယ်။ ချန်ပီယံရှစ်မှာ အထက်အောက် ရပ်တည်နေတဲ့ အသင်းနှစ်သင်း ဖြစ်တာနဲ့အညီ အပြန်အလှန် ကစားနိုင်ခဲ့ကြပြီး ပွဲက ကြည့်ကောင်းခဲ့ပါတယ်။ ဒီပွဲမှာ ဒါဘီအသင်းက ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်မှာပါ အနည်းငယ် အသာရခဲ့ပေမယ့် အဆုံးသတ်အားနည်းခဲ့လို့ နိုင်ပွဲနဲ့ ဝေးခဲ့ရတာပါ။ ဗီလာအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၄၄ မိနစ်မှာ အယ်လ်ဂါဇီနဲ့ ၅၉ မိနစ်မှာ မက်ဂျင်းတို့က သွင်းယူပေးခဲ့ပြီး ဒါဘီအတွက် ချေပဂိုးတဂိုးကိုတော့ ပွဲချိန် ၈၁ မိနစ်မှာ ဝက်ဂ်ဟွန်းက သွင်းယူပေးခဲ့ပါတယ်။ အက်စ်တွန်ဗီလာအသင်းဟာ ချန်ပီယံရှစ်ကို တန်းဆင်းပြီး ၃ နှစ်အကြာမှာ ပရီးမီးယားလိဂ်ကို တကျော့ပြန် တက်ရောက်နိုင်တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up