မြန်မာနှင့် ခြေစမ်းမည့် ပိုဟန်စတီးလားအသင်း ယူ၂၃ ကစားသမားများဖြင့် ယှဉ်ပြိုင်မည်

1.6K
မြန်မာယူ၂၂၊ ဧရာဝတီအသင်းတွေနဲ့ ကစားမယ့် ပိုဟန်စတီးလားအသင်းမှာ ယူ ၂၃ ကစားသမားတွေပဲ ခေါ်ဆောင်လာတယ်လို့ အသင်းနည်းပြ ကင်ဂျီဒေါင်က ပြောပါတယ်။
ပိုဟန်စတီးလားအသင်းဟာ လက်ရှိ ကေလိဂ်ပြိုင်ပွဲမှာ ၁၃ ပွဲကစား ၆ ပွဲနိုင် ၂ ပွဲသရေ ၅ ပွဲရှုံးရလဒ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေတာပါ။
လိဂ်ပြိုင်ပွဲတွေ ကစားနေတဲ့အတွက် အသင်းကြီးက အဓိက ကစားသမားတွေကို မခေါ်လာဘဲ အသက် ၂၃ နှစ်အောက် ကစားသမားတွေပဲ မြန်မာပြည်ကို ခေါ်လာတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အရည်အသွေးရှိတဲ့ ကစားသမားတွေ ဖြစ်တာကြောင့် ခြေစမ်းပွဲနှစ်ပွဲကနေ ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ကိုရီးယားကလပ် ပိုဟန်စတီးလားနည်းပြက ပြောပါတယ်။
ပိုဟန်စတီးလားအသင်းဟာ ကေလိဂ်ချန်ပီယံ ၅ ကြိမ် ရရှိခဲ့ဖူးပြီး အာရှချန်ပီယံလိဂ် ချန်ပီယံ ၃ ကြိမ်လည်း ရယူနိုင်ခဲ့ဖူးပါတယ်။
တောင်ကိုရီးယား ကေလိဂ်ထိပ်တန်းကလပ် ပိုဟန်စတီးလားအသင်းဟာ မေလ ၂၈ ရက်မှာ ဧရာဝတီယူနိုက်တက်အသင်း၊ မေလ ၃၀ ရက်မှာ မြန်မာ့လက်ရွေးစင် ယူ၂၂ အသင်းတွေနဲ့ သုဝဏ္ဏကွင်းမှာ ခြေစမ်းကစားမှာ ဖြစ်ပါတယ်။
အဲဒီခြေစမ်းပွဲနှစ်ပွဲကို ဝင်ကြေးအခမဲ့အဖြစ် သတ်မှတ်ထားပြီး ပရိသတ်တွေအတွက် တီဗွီ၊ ဆမ်ဆောင်းဖုန်း စတဲ့ ကံစမ်းမဲတွေလည်း စီစဉ်ထားတယ်လို့ သိရပါတယ်။