Home
မြန်မာသတင်း
စစ်တွေလေဆိပ်လုံခြုံရေး အရေးပေါ်အဆင့်သတ်မှတ်ထား
သူဇာလင်း
·
May 27, 2019
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိက္ခတွေကြောင့် စစ်တွေ လေဆိပ်လုံခြုံရေးကို အရေးပေါ် အဆင့်အသတ်မှတ်ထားတယ်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က  ပြောပါတယ်။ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနကနေ လေဆိပ်တွေရဲ့ လုံခြုံရေး အခြေအနေကို သာမန်အဆင့်၊ အရေးကြီးအဆင့်နဲ့ အရေးပေါ်အဆင့်ဆိုပြီး သတ်မှတ်ထား တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းရေးပဋိက္ခအခြေအနေကို လိုက်ပြီး  ရခိုင်ပြည်နယ်မှာ လေယာဉ်ကွင်း ၅ ကွင်းရှိတဲ့အထဲမှာတော့ စစ်တွေလေဆိပ်ကို အရေးပေါ် အဆင့်အဖြစ် ဧပြီလ ၁၃ ရက်ကစပြီး သတ်မှတ်ရတာဖြစ်တယ်လို့ ဒုညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ လက်ရှိ စစ်တွေ လေယာဉ်ကွင်းမှာတော့ နေ့စဉ် လေကြောင်းလိုင်း ၅ လိုင်းကနေ ခရီးစဉ်အခေါက်ရေ ၈ ခေါက်ကိုပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအဝင် တနိုင်ငံလုံးမှာရှိတဲ့ လေယာဉ်ကွင်းတွေရဲ့ လုံခြုံရေးအခြေအနေကိုလည်း အရေးကြီးအဆင့်အဖြစ်ပဲ သတ်မှတ်ထား တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေဆိပ်ဆိုင်ရာဌာနတွေနဲ့ ပုဂ္ဂလိက လုံခြုံရေးအပါအဝင် လုံခြုံရေးအင်အား အယောက် ၁၀၀၀ နီးပါးက ခရီးသည်တွေရဲ့ လုံခြုံရေးအခြေအနေကို လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ အထင်ကရနေရာတွေကို IS အကြမ်းဖက်အဖွဲ့က ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုပြီး သတင်းရထားတယ်လို့ မေလ ၂၄ ရက်နေ့က  သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်တွေကို ပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024