ဖန်ဂရန်ရာဇီ ရေခဲတောင်ပေါ်မှ ပြုတ်ကျပျောက်ဆုံးခဲ့သည့် မစိမ့်ထက်အလောင်း ပြန်တွေ့
နော်နိုရင်း
·
May 27, 2019
ဖန်ဂရန်ရာဇီ ရေခဲတောင်ပေါ်က ပြုတ်ကျပျောက်ဆုံးခဲ့သည့် မစိမ့်ထက်ရဲ့ အလောင်းကို တွေ့ရှိပြီလို့ ဖခင်က ပြောပါတယ်။
မိသားစုရဲ့ အစီအစဉ်နဲ့ မေလ ၁၈ ရက်နေ့က မစိမ့်ထက်ကျရာနေရာကို သွားရောက်ရှာဖွေ ခဲ့တာဖြစ်ပြီး အလောင်းကို တွေ့ပြီဖြစ်ကြောင်း မက်ဆေ့ခ်ျပို့လာတာလို့ မစိမ့်ထက်ရဲ့ဖခင် ဦးမောင်မောင်လေးက ပြောပါတယ်။
“အခုသွားရှာတဲ့ လူတွေက ၈ ယောက်အဖွဲ့၊ ၁၈ ရက်နေ့က သွားတာ။ ကျနော်ထင်တာ တမြန်နေ့ကလောက်တွေ့သွားတာလား ပြီးခဲ့တဲ့ တရက်နှစ်ရက် သူတို့ အဲဒီမှာ မက်ဆေ့ခ်ျပို့လာတယ်။ လက်ရှိကတော့ ကျနော် ဒီလောက်ပဲသိတယ်။ အသေးစိတ် မသိသေးဘူး။ ပူတာအိုလည်း မရောက်သေးဘူးဆိုတော့။ ဒီတခေါက်တော့ ကျနော်တို့ မိသားစုအစီအစဉ်နဲ့ သွားတာပေါ့နော်။ ဒါပေမယ့် ဦးကျင်ဦးကလည်း သဘောတူတဲ့အတွက် ဒုတိယအကြိမ်သွားရှာတာပါ့။”
ဒီတခေါက်ရှာဖွေရာမှာလည်း ဒေသခံ ဦးလဝန်ထိမ်က ဦးဆောင်တဲ့အဖွဲ့ဝင် ၈ ယောက်က သွားရောက်ရှာဖွေပေးနေတာဖြစ်ပြီး အလောင်းသယ်ဖို့ လုပ်ဆောင်နေကြပြီး ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်လောက် ပူတာအို ရောက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃ ရက်က အဖွဲ့ဝင် ၂၀ ဦးပါဝင်တဲ့ The Summiter ခရီးသွားအဖွဲ့က ဖန်ဂရန်ရာဇီရေခဲတောင်ကို တက်ရောက်ခဲ့ပါတယ်။
အဲဒီအဖွဲ့ထဲမှာ မစိမ့်ထက်ပါဝင်ခဲ့ပြီး သူမအနေနဲ့ တောင်ထိပ်ကအဆင်းမှာ ပြုတ်ကျသွားပြီး ပျောက်ဆုံးနေတာပါ။
မိသားစုဝင်တွေကတော့ သူအသက်ရှင်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရှာဖွေမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပေမယ့် အခုအနေအထားကိုတော့ လက်ခံရတော့မယ်လို့ ဦးမောင်မောင်လေး ပြောပါတယ်။
“ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ် ရှင်များရှင်မလားလို့ မျှော်လင့်နေတာပေါ့နော်။ ဒီလိုပဲ တနေ့တနေ့ ဒီလိုမျှော်နေတာပေါ့။ တွေ့သွားပြီဆိုတော့ ကျနော်တို့ ဘာပဲဖြစ်ဖြစ်လေ ဒါက တကယ်ပဲ သေသွားပြီဆိုတာကို ကျနော်တို့က နည်းနည်းစတင်ပြီး လက်ခံရမယ့် အနေအထားမျိုးပေါ့နော်။ ဒီလိုမျိုးခံစားချက်တွေတော့ ရှိတာပေါ့။ ဒါပေမယ့် နေ့တိုင်း ညအိပ်မယ်၊ အိပ်ရာနိုးလာရင် ဒီအကြောင်းတွေပဲ တွေးတွေးနေတော့ ဒါကြီးက အိပ်မက်ဆိုးကြီးတခုလိုဖြစ်နေတယ်။”
ဧပြီ ၁၂ ရက်က ကချင်ပြည်နယ် ဖုန်ဂရန်ရာဇီ ရေခဲတောင်ပေါ်ကနေ ခြေချော်ပြုတ်ကျသွားတဲ့ မစိမ့်ထက်ကို မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့က အဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ ပါဝင်တဲ့ ကယ်ဆယ်ရေးကော်မတီက ဧပြီ ၂၆ ရက်နေ့က စတင် သွားရောက်ရှာဖွေခဲ့ပါတယ်။
ဖန်ဂရန်ရာဇီ ရေခဲတောင်ပေါ်က ပြုတ်ကျပျောက်ဆုံးခဲ့တဲ့ မစိမ့်ထက်ရဲ့အင်္ကျီနဲ့ ပစ္စည်းတချို့ကို ရက်သတ္တပတ် ၃ ပတ်အကြာမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
မိသားစုဝင်တွေကတော့ မစိမ့်ထက် အသက်ရှင်နိုး မျှော်လင့်ချက်နဲ့ ဒုတိယအကြိမ် ထပ်မံရှာဖွေမှုတွေ လုပ်ချိန်မှာ အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။