ထိုင်းဝန်ကြီးချုပ်ဟောင်းနှင့် မင်းတိုင်ပင်ခံအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရိမ်းတင်ဆူရာနွန်း ကွယ်လွန်

ဓာတ်ပုံ - Reuters
ထိုင်းနိုင်ငံရဲ့ ဆဋ္ဌမမြောက်ဘုရင်ကြီး ဖရမုံးကွတ်ကောက်လက်ထက်မှာ မွေးဖွားကာ ဒသမမြောက်ဘုရင် ဝဇီရာလောင်ကွန်း လက်ထက်ထိ နိုင်ငံတော်ရဲ့ ထိပ်တန်းရာထူးမှာ တာဝန်ထမ်းဆောင်ခဲ့သူ၊ နိုင်ငံ့သားကောင်း ဗိုလ်ချုပ်ကြီး ပရိမ်းတင် ဆူရာနွန်းဟာ မေလ ၂၆ ရက် မနက်မှာ ကွယ်လွန်သွားပါတယ်။ အသက် ၉၉ နှစ်နီးပါးရှိ ဗိုလ်ချုပ်ကြီး ပရိမ်းဟာ မေ ၂၆ ရက် မနက် ၅ နာရီလောက်က အမောဖောက်လာလို့ သားတပည့်တွေက ဖရမုံးကွတ်ကောက် ဆေးရုံကြီးကို အမြန်ဆုံး ပို့ဆောင်ပေးခဲ့ပေမယ့် မနက် ၉ နာရီ ၉ မိနစ်အချိန်မှာတော့ ညင်သာစွာ အသက်ထွက်ပြီး ကွယ်လွန်သွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဗိုလ်ချုပ်ကြီးပရိမ်းဟာ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်ဇာတိဖြစ်ပြီး ၁၉၂၀ ခုနှစ် သြဂုတ် ၂၆ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အထက်တန်းကျောင်းအောင်ပြီးနောက် ဗိုလ်သင်တန်းတက်ကာ ထိုင်းတပ်မတော် ကြည်းတပ်ထဲဝင်ပြီး ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်သည်ထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း နယ်ချဲ့ဂျပန်ကို တွန်းလှန်တိုက်ခိုက်ခြင်း၊ အဲဒီနောက် ဂျပန်နဲ့ မဟာမိတ်ပြုပြီး အင်္ဂလိပ်တပ်ကို တိုက်ခိုက်ရာမှာ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် ကွန်မြူနစ်ဝါဒ အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံဘက်ကို စတင်ပြန့်ပွားလာရာ ကွန်မြုနစ်ဝါဒကို ဦးဆောင်နှိမ်နင်းခဲ့ပါတယ်။ ထိုင်းတပ်မတော်ထဲမှာ သံချပ်ကာတပ် ဗဟိုတပ်မမှူး၊ အမှတ် ၂ ဒေသ တိုင်းမှူးကြီး၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် စတဲ့ ထိပ်တန်းတာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ တပ်မတော်ကထွက်ပြီး နဝမမြောက် ထိုင်းဘုရင်ကြီးလက်ထက် ထိုင်းနိုင်ငံရဲ့ ၁၆ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ၃ ကြိမ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရကာ ဝန်ကြီးချုပ်အဖြစ် ၈ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် ဘုရင်မင်းမြတ်ရဲ့ အတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌအဖြစ် ကွယ်လွန်သည်ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟာ စကားနည်းပြီး ရိုးသားဖြောင့်မတ်သူ တဦးဖြစ်ပြီး တိုင်းပြည်နဲ့ လူမျိုးပေါ် သစ္စာရှိစွာ တာဝန်ထမ်းဆောင်တာကြောင့် ထိုင်းဘုရင်မင်းမြတ် ယုံကြည်အားထားရတဲ့ အမှုထမ်းကောင်းတဦးလည်း ဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ်များအလွန် ထိုင်းနိုင်ငံမှာ စီးပွားရေးကပ်ဆိုက်စဉ် ဝန်ကြီးချုပ်ဖြစ်လာရသူအနေနဲ့ တိုင်းပြည်မှာ စွမ်းအင်ချွေတာခြင်း၊ တိုင်းပြည်ဘဏ္ဍာ အဖိတ်အစဉ်မရှိအောင် စီမံသုံးစွဲခြင်း၊ ပြည်တွင်းဖြစ်ကို အားပေးခြင်း စတဲ့ အမြော်အမြင်ကြီးစွာ မူဝါဒတွေ ဖော်ဆောင်ပြီး နိုင်ငံ့စီးပွားရေး ဦးမော့လာအောင် ဆောင်ကြဉ်းခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးပရိမ်းဟာ ရာထူးအာဏာ မက်မောတာမရှိဘဲ သူရရှိခဲ့တဲ့ ရာထူးတွေဟာ ထိုက်ထိုက်တန်တန် ရရှိခဲ့တာတွေချည်းပဲဖြစ်ပြီး တာဝန်ဝတ္တရားက စွန့်ခွာခဲ့ရတာတွေဟာလည်း  ကန့်ကွက်ခံရလို့၊ နာမည်ပျက်လို့မဟုတ်ဘဲ အချိန်တန်လို့ သိက္ခာရှိစွာ စွန့်ခွာလာရတာပဲရှိတယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ ဘုရင်မင်းဆက် ၅ ဆက်အတွင်း နိုင်ငံနဲ့ လူမျိုးအတွက် နှစ် ၇၀ ကျော် တာဝန်ထမ်းဆောင်နိုင်ခဲ့သူ၊ ထိုင်းနိုင်ငံရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ နိုင်ငံသားကောင်းတဦးအဖြစ်  ထိုင်းပြည်သူတွေက အသိအမှတ်ပြုထားတဲ့ ပုဂ္ဂိုလ်တဦး ကွယ်လွန်အနိစ္စ ရောက်သွားတာဟာ ထိုင်းနိုင်ငံအတွက် အစားထိုးမရ ကြီးမားတဲ့ ဆုံးရှုံးမှုတခုဖြစ်တယ်လို့လည်း နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ ဗိုလ်ချုပ်ကြီးပရိမ်းဟာ အိမ်ထောင်မရှိ လူပျိုကြီးဖြစ်ပြီး စီးပွားရေးပိုင်ဆိုင်မှုမရှိ၊ ကိုယ်ပိုင်အိမ်မရှိဘဲ အစိုးရပေးတဲ့အိမ်ယာမှာ ကွယ်လွန်သည်ထိ နေထိုင်သွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up