Home
မြန်မာသတင်း
မွန်ပြည်နယ်က ရာဘာစိုက်တောင်သူများကို ချေးငွေ ထုတ်ပေးရန် စီစဉ်နေ
DVB
·
May 26, 2019
မွန်ပြည်နယ်က ရာဘာစိုက်တောင်သူတွေကို ချေးငွေ ထုတ်ပေးဖို့ စီစဉ်နေတယ်လို့  မွန်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာက ပြောပါတယ်။ မွန်ပြည်နယ်မှာ ရာဘာ စိုက်ဧကပေါင်း ငါးသိန်း ကျော်ရှိပါတယ်။ ဒါပေမယ့် ရာဘာ ကဏ္ဍဖွံ့ဖြိုးရေးအတွက် နည်းပညာလိုအပ်ချက်အပြင် ချေးငွေတွေလည်း လိုအပ်နေတာပါ။ ဒါကြောင့် ရာဘာစိုက်တောင်သူတွေ အဆင်ပြေစေဖို့အတွက် ထုတ်လုပ်မှုစရိတ် ရာဘာချေးငွေကို ထုတ်ချေးပေးနိုင်ဖို့ စီစဉ်နေတာလို့ မွန်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောပါတယ်။ ချေးငွေထုတ်ပေးတဲ့ နေရာမှာ ရာဘာစိုက်သူတွေ တောင်းဆိုထားတဲ့ တစ်ဧက ကျပ်သိန်း ၁ သိန်းကနေ  ၁ သိန်းခွဲအထိ ထုတ်ချေးပေးဖို့ ရှိနေပြီး၊ ခြံရှင်တဦးကို အများဆုံး ၁၀ ဧကအထိ ထုတ်ချေးပေးဖို့ စီစဉ်ထားတာပါ။ ရာဘာချေးငွေ အမြန်ဆုံး ထုတ်ပေးနိုင်ဖို့အတွက် မေလကုန်မှာ မွန်ပြည်နယ် ရာဘာကဏ္ဍ ဖွံ့ဖြိုးရေးကော်မတီ အစည်းအဝေးတရပ် ခေါ်ယူပြီး၊ အစည်းအဝေးပြီးရင် ရရှိလာတဲ့ အချက်အလက်တွေကို စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနအပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ကိုလည်း တင်ပြသွားမှာပါ။ အစိုးအနေနဲ့ ရာဘာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကူညီပေးနေပေမယ့် ပြည်နယ်မှာ ကျွမ်းကျင် အလုပ်သမား ရှားပါးမှု ပြဿနာကို ရင်ဆိုင်နေရတယ်လို့ မွန်ပြည်နယ် ရာဘာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ် က ဆိုပါတယ်။ လက်ရှိမှာလည်း ကျွမ်းကျင် အလုပ်သမား ရှားပါးတာကြောင့် ရာဘာစိုက်ဧက ၅  သိန်းကျော်ထဲမှာ ၂ သိန်းလောက်ဟာ အစေးမခြစ်ဘဲ ရပ်နားထားရပါတယ်။ ဒါ့အပြင် ကမ္ဘာဈေးကွက်မှာ အရည်အသွေး နိမ့်တာကြောင့် ဈေးနှုန်းကျဆင်းလာတဲ့ မြန်မာရာဘာတွေကြောင့် ခြံရှင်အများစု လုပ်ငန်းတွေ ရပ်ထားပါတယ်။ ဇော်လွင်ထွတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024