အမေရိကန်အလယ်ပိုင်းကို လေဆင်နှာမောင်း ဝင်ရောက်၊ ၃ ဦးထက်မနည်း သေဆုံး

1.7K
အမေရိကန်နိုင်ငံအလယ်ပိုင်း မစ်ဇူရီပြည်နယ်မှာ လေဆင်နှာမောင်း ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် လူ ၃ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက မေလ ၂၃ ရက်နေ့မှာ ပြောပါတယ်။
ဒါ့အပြင် အိုကလာဟိုးမားပြည်နယ်မှာ ဆိုးဆိုးရွားရွား ရေကြီးနေတယ်လို့လည်း သိရပါတယ်။
မစ်ဇူရီပြည်နယ် ဂျက်ဖာဆင်စီးတီးမြို့မှာ အားပြင်းတဲ့ လေဆင်နှာမောင်းတခု ဝင်ရောက်တာကြောင့် အပျက်အစီး များခဲ့ပေမယ့် သေဆုံးသူ မရှိပါဘူး။
ဒါ့အပြင် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ဂျော်ပလင်မြို့မှာလည်း လေဆင်းနှာမောင်းတခု တိုက်ခတ်ခဲ့ပါသေးတယ်။
မေလ ၂၃ ရက်နေ့က သုံးယောက်သေဆုံးတာ အပါအဝင် အခုအပတ်တွင်း ရာသီဥတုကြောင့် သေဆုံးသူ အရေအတွက် ၇ ယောက်အထိ ရှိလာပါပြီ။
ဒဏ်ရာရသူ အယောက် ၂၀ လောက် ဆေးရုံတက်ခဲ့ရပေမယ့် အခုချိန်မှာတော့ တော်တော်များများ သက်သာလို့ ပြန်ဆင်းသွားကြပြီလို့ မစ်ဇူရီပြည်နယ် အုပ်ချုပ်ရေးမှူး မိုက်ခ် ပါဆန်က ပြောပါတယ်။
ဒါ့အပြင် မိုးရွာသွန်းတာနဲ့ လေပြင်းတိုက်ခတ်တာတွေ ဆက်ပြီး အားကောင်းနေလိမ့်မယ်လို့လည်း မိုးလေဝသ ခန့်မှန်းသူတွေက ပြောထားပါတယ်။