ချစ်စဖွယ် ခွေးကလေးနှင့် ကျွဲကြီးတကောင်ကြား မတူကွဲပြားသည့် မေတ္တာရောင်ပြန် (ရုပ်သံ)
DVB
·
May 23, 2019
ချစ်ခြင်းမေတ္တာအကြောင်း ပြောကြတဲ့အခါ ရောင်ပြန်ဆိုတာကို ထည့်ပြောလေ့ရှိကြပြီး ဒါက တစုံတယောက်ရဲ့ စေတနာ၊ အနစ်နာခံမှုတွေနဲ့ အချင်းချင်း ရိုင်းပင်းမှုတွေကိုပါ မြင်သာစေတာ ဖြစ်ပါတယ်။
လူသားတွေကြားမှာသာမက တိရစ္ဆာန်တွေရဲ့ ကမ္ဘာမှာလည်း ဒီလိုထူးခြားတဲ့ ချစ်ခြင်းမေတ္တာဟာ ဆက်နွှယ်မှုတခုအနေနဲ့ ရှိနေတတ်တယ်ဆိုတာကို ဒီရုပ်သံဗွီဒီယိုဖိုင်က သက်သေခံနေတာပါပဲ။
ဆင်ဟွာသတင်းဌာနမှာ ဖော်ပြတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ချစ်စဖွယ် ခွေးကလေးတကောင်နဲ့ ကျွဲကြီးတကောင်ကြားက ချစ်ခြင်းမေတ္တာကို အတိုင်းသား မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အရာရာခြားနားမှုတွေနဲ့ သူတို့ ၂ ကောင်ကြားက ချစ်စရာ လှုပ်ရှားမှုတွေထဲမှာတော့ ခွေးကလေးဟာ လှည်းကိုဆွဲလာတဲ့ ကျွဲရဲ့ရှေ့က ကြိုးနဲ့ဆွဲပြီး လမ်းပြကူညီတာတွေ၊ ကျွဲအတွက် အစာကိုကိုက်ချီပြီး သူ့ရှေ့အရောက် ပို့ပေးတာတွေ၊ ၂ ကောင်သား အပြန်အလှန် ဆော့ကစားကြတာတွေ အပြင် ခွေးကလေးဟာ ကျွဲရဲ့ကျောပေါ်မှာ ထိုင်လျက်သား အခြေအနေနဲ့ မြူးထူးနေခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။
မိတ်ဆွေအချင်းချင်းကြား ချစ်စရာကောင်းတဲ့ အပြုအမူတွေကို ဖော်ကျူးထင်ဟပ်နေတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောမှာတော့ တလအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သန်းခွဲနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။