Home
မြန်မာသတင်း
မြိုင်ကြီးငူ စစ်ဘေးရှောင်များ၏ အခြေအနေ ကရင်လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာထုတ်ပြန်
နော်နိုရင်း
·
May 23, 2019
ကရင်ပြည်နယ် မြိုင်ကြီးငူဒေသက  စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်တွင်း နေရပ်စွန့်ခွာသူတွေရဲ့ လူနေမှုအခြေအနေတွေနဲ့ နေရပ် မပြန်နိုင်သေးတဲ့ အခြေအနေတွေကို ထင်ဟပ်ပေါ်လွင်စေတဲ့ အစီရင်ခံစာကို  ကရင်လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ‘အိမ်ပြန်ချိန်ကို တမ်းတရင်း ငြိမ်းချမ်းမှုကို မျှော်လင့်ခြင်း’လို့ အမည်ပေးထားတဲ့ အစီရင်ခံစာကို  ကရင်လူ့အခွင့်အရေးအဖွဲ့က မနေ့က ရန်ကုန်မှာ ထုတ်ပြန်လိုက်တာပါ။ ဒီအစီရင်ခံစာရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး  ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီအစဉ်ဒါရိုက်တာ နော်ထူးထူးက “တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်ထိုးပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ တိုင်းရင်းသား ဒေသခံတွေဟာ ဆိုလို့ရှိရင် စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ဘက်ဆိုင်ရာ ပဋိပက္ခတွေ သူတို့ခံစားရတယ်။ အခု မြန်မာပြည်အရှေ့တောင်ပိုင်းမှာ နေရပ်ရွှေ့ပြောင်းနေရတဲ့ အခြေအနေကို ကျမတို့ KHRG က မီးမောင်းထိုးပြချင်တယ်။ ပြီးလို့ရှိရင် ဒီမြိုင်ကြီးငူဒေသမှာ ရှိတဲ့ စစ်ဘေးရှောင်စခန်းတွေရဲ့ အခြေအနေကို သုံးသပ်တင်ပြ ထားတယ်”လို့ ပြောပါတယ်။ ဒီအစီရင်ခံစာမှာ   မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကာလကြာရှည် နေရပ်ရွှေ့ပြောင်းနေ ထိုင်နေရတဲ့ ပြည်သူတွေရဲ့ အခြေအတွေကို သုံးသပ်တင်ပြထားသလို ကရင်ပြည်နယ် မြိုင်ကြီးငူဒေသရှိ လူဦးရေ ၅၆၀၀ ခန့်နေထိုင်တဲ့  စစ်ပြေးရှောင်စခန်းတွေရဲ့ အခြေအနေကို အဓိကထား ရွေးချယ်သုံးသပ်ထားပါတယ်။ ဒါ့အပြင် စစ်ရေးလှုပ်ရှားမှုတွေနဲ့  မြေမြှုပ်မိုင်းတွေကြောင့် နေရပ်စွန့်ခွာသူတွေဟာ  နေရပ် မပြန်နိုင်သေးတဲ့အပြင် မြိုင်ကြီးငူစခန်းမှာနေထိုင်နေစဉ်ကာလ လူမှုဖူလုံရေးဆိုင်ရာ အထောက် အပံ့တွေ လျော့နည်းလာလို့  စစ်ဘေးရှောင် ပြည်သူတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခု စက်တင်ဘာလဆန်းပိုင်းက ကရင်ပြည်နယ် မဲသဝေါဒေသမှာ နယ်ခြားစောင့်တပ်နဲ့ ဒီကေဘီအေတပ်တို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အဲဒီဒေသက ကျေးရွာ ၂၀ ကျော် လူဦးရေ ၅၅၀၀  လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသကို ထွက်ပြေးလာကြတာ ဖြစ်ပါတယ်။ ပြည်တွင်းဒုက္ခသည်တွေဟာ အိမ်ပြန်ချင်ပေမယ့်လည်း ဒေသတွင်းလုံခြုံမှု မရှိသေးတဲ့ အတွက် အခုချိန် အိမ်မပြန်ရသေးတာဖြစ်တယ်လို့  နော်ထူးထူးက ပြောပါတယ်။ “ သူတို့နေရပ်ပြန်ဖို့ အတားအဆီးတွေကတော့ ကျမတို့ တွေ့ရှိချက် ၁ အချက်က မြေမြုပ်မိုင်း တွေရှိနေတယ်။ သူတို့နေထိုင်တဲ့ ရပ်ရွာတွေမှာ မြေမြုပ်မိုင်းတွေ ရှိနေတယ်။ နံပါတ် ၂ အနေနဲ့က လက်နက်ကိုင်တပ်ဖွဲ့တွေက အဲဒီမှာ အခြေချ လှုပ်ရှားနေတယ်။ ၃ အချက်ကတော့ အသက်မွေးဝမ်းကြောင်းအတွက် စိန်ခေါ်မှုတွေရှိနေတယ်ပေါ့နော်။ ဒါက သူတို့နေရပ်ပြန်ဖို့ အတားအဆီး စိန်ခေါ်မှုတွေဖြစ်တယ်ပေါ။ ” ဒီအစီရင်ခံစာထုတ်ပြန်ပြီးမှာလည်း ကရင်လူ့အခွင့်အရေးအဖွဲ့အနေနဲ့ အစိုးရ၊ ကရင်အမျိုးသားအစည်းအရုံးအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့  လူမှုအကူ အညီတွေ ထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းတွေကိုလည်း အကြံပြုချက်တွေ တင်ပြတောင်းဆို ထားပါတယ်။ အဲဒီအကြံပြုချက်တွေထဲမှာ ဒေသခံတွေ အိမ်ပြန်နိုင်ရေးလုပ်ဆောင်ပေးဖို့နဲ့ စခန်းမှာ ရှိနေချိန် လိုအပ်တဲ့ အစားအသောက်၊ သောက်သုံးရေ၊ ရေအိမ်တွေအပြင် ကျောင်းနဲ့ ဆေးပေးခန်းတွေ ထားရှိဖို့ စတာတွေ ပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024