အမေရိကန်သမ္မတ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် တွေ့မည်
DVB
·
November 9, 2012
အမေရိကန်သမ္မတ အိုဘာမားရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ပြောဆိုကြောင်း အဲဒီအဖွဲ့က ကိုဇော်မင်းက ဒီဗွီဘီကိုပြောပါတယ်။
ဦးဇော်မင်းက “ကျနော်တို့ကို သံရုံးကနေ ဖိတ်မယ်လို့တော့ ပြောတာရှိပါတယ်။ သူတို့ စာရင်းထဲမှာ ရှိတယ်လို့ ပြောတယ်” လို့ ဆိုပါတယ်။
မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေကို အမေရိကန်သမ္မတကနေ အစိုးရကို တင်ပြပြီး ကိုယ်စားပြုပြောနိုင်မယ်ဆိုရင် တစုံတရာ အကျိုးရှိမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင် ဦးဇော်မင်းက ပြောပါတယ်။
“ဥပမာ ကချင်ပြည်နယ်မှာ စစ်ပွဲတွေရပ်ဆိုင်းစေချင်တဲ့ အကြောင်းအရာမှာဆိုရင် ဘာတွေအခက်အခဲရှိနေလဲ။ ဒါတွေ သူတို့နဲ့ ပြောဖြစ်မယ်ဆိုရင် သူကတဆင့် သမ္မတနဲ့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေနဲ့ ပြန်ပြောမယ်ဆိုရင် သာမန်လူပြောတာထက် အမေရိကန်သမ္မတပြောတာကို သူတို့လည်း ပိုအလေးနက်ထားမယ်လို့ မျှော်လင့်ပြီး ဒါတွေပြောဖြစ်မယ်ထင်တယ်။”
တချိန်တည်းမှာပဲ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် ဦးဆောင်တဲ့အဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းအတွက် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်ကို ၅ ရက်ကြာ ထွက်ခွာသွားပြီလို့ သိရပါတယ်။