မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့်နိုင်ငံရေးပဋိညာဉ် ရှာပုံတော် (၂)

Larry Diamond
အခြေခံသဘောတရားအရ ပြောရရင် ဒီမိုကရေစီမှာ (ဒီမိုကရက်တစ်စံနှုန်းတွေအပေါ် သံန္နိဋ္ဌာန် ခိုင်မာတယ်လို့ ဆိုတဲ့ ပါတီပင်ဖြစ်ပါစေဦးတော့) ပါတီတရပ်ဟာ အတိုက်အခံဘက် အားလုံးနဲ့ အလျော့မပေးစတမ်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာတာမျိုးက မကောင်းပါဘူး။ [caption id="attachment_32837" align="alignleft" width="300" caption="Larry Diamond"][/caption] တောင်အာဖရိကမှာ ၁၉၉၀ တုန်းက အလားတူ အခြေအနေမှာဆိုရင် ထောင်ကနေ ပြန်လွတ်လာခါစ နယ်ဆင် မင်ဒဲလားနဲ့ မြေအောက်ပါတီဘ၀ကနေ တရားဝင်ပြန်ဖြစ်လာတဲ့ အာဖရိကန် အမျိုးသားကွန်ဂရက် (African National Congress) - အေအန်စီ ပါတီဟာ တခြား အုပ်စုတွေကို အာမခံချက်တွေ ပေးခြင်းအားဖြင့် သူတို့အကျိုးစီးပွားအတွက်လည်း အကောင်းဆုံး ဖြစ်မယ်ဆိုတာကို ခပ်စောစောပဲ သဘောပေါက်ခဲ့ပါတယ်။ အထူးသဖြင့် အာဏာလက်ရှိ  လူဖြူလူနည်းစုကို လွှတ်တော်ထဲမှာ သူတို့ရဲ့ ဆန္ဒမဲတွေကို အချိုးကျသဘောမျိုး နေရာရလာအောင် အာမခံချက်ပေးဖို့ လိုတယ်ဆိုတာကို နားလည်ခဲ့ပါတယ်။ တကယ်တမ်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ညှိနှိုင်းကြတဲ့အခါမှာ အေအန်စီက ပိုလို့တောင် လိုက်လျောတဲ့ သဘောထားနဲ့ လူဖြူတွေကိုသာမက၊ တခြား လူနည်းစုတွေနဲ့ ဇူလူး အခြေပြု Inkatha Freedom Party အတွက်တောင် အာမခံချက်တွေ ပေးခဲ့ပါတယ်။ ၁၉၉၁-၉၂ ညှိနှိုင်းမှုတွေ မအောင်မြင်တဲ့အခါမှာ သမ္မတ အက်ဖ်ဒဗလျူ ဒီကလက် ခေါင်းဆောင်တဲ့ အသားအရောင်ခွဲခြားတဲ့ အစိုးရနဲ့ မင်ဒဲလ်လား ခေါင်းဆောင်တဲ့ အေအန်စီတို့ အပေးအယူ လမ်းကြောင်းကို ရွှေ့ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ၁၉၉၃ ခုနှစ်မှာ ကြားဖြတ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောတူလိုက်ကြပါတယ်။ ဖွဲ့စည်းပုံထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အသွင်ကူးပြောင်းရေး ကာလ အာဏာခွဲဝေရေး ကာလတခုကို ထည့်သွင်းရေးဆွဲထားခဲ့ပါတယ်။ ၁၉၉၄ ဧပြီ ၂၇ ရက်နေ့မှာ ကျင်းပဖို့ ရှိတဲ့ ရွေးကောက်ပွဲမှာ မဲအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ အထက် ရတဲ့ ဘယ်ပါတီမဆို အစိုးရ အဖွဲ့အတွက် ဒုတိယ သမ္မတကို အဆိုပြုနိုင်ခွင့်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်၊ မဲအားလုံးရဲ့ ၅ ရာခိုင်နှုန်းရတဲ့ ဘယ်ပါတီမဆို ကက်ဘိနက် ၀န်ကြီးတယောက်ကို အမည်စာရင်းတင်သွင်းနိုင်တယ် ဆိုတဲ့ အချက်တွေကို ထည့်သွင်းထားပါတယ်။ အစိုးရ၀န်ထမ်းတွေကို တာဝန်ကနေ မရပ်စဲဘူး၊ သဘောထားတင်းမာတဲ့ စစ်တပ်အရာရှိတွေကိုလည်း နဂိုနေရာကနေ ဖြုတ်မပစ်ဘူးဆိုတာမျိုးလို တခြားပုဒ်မတွေအရလည်း ညှိနှိုင်းမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်ဆောင်ထားခဲ့ရတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ရွေးကောက်ပွဲမှာ အာဏာရ အမျိုးသားပါတီ (National Party) က မဲအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းကို သီသီလေး ရလိုက်လို့ သမ္မတအသစ် နယ်လ်ဆင်မင်ဒဲလ်လား လက်အောက်မှာ သမ္မတဟောင်း ဒီကလက်ကို ဒုတိယသမ္မတ တာဝန်ယူ စေခဲ့ပါတယ်။ တောင်အာဖရိကရဲ့အရေးကြီးတဲ့ သင်ခန်းစာကတော့ အသွင်ကူးပြောင်းရေး ကာလမှာ အာဏာခွဲဝေမှုဟာ အရေးကြီးရုံသာမက၊ အဲဒီ အခိုက်အတန့်သဘော အာဏာခွဲဝေမှုဟာ ရေပက် မ၀င်အောင် အသေးစိတ်ကျဖို့လိုတယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။ National Party က အာဏာခွဲဝေမှုမှာ ရေရှည်မှာ ဖွဲ့စည်းပုံအရ အာမခံတဲ့ လူနည်းစု ဗီတိုအာဏာ သဘောမျိုး အထိရအောင် ကြိုးပမ်းခဲ့ပါတယ်၊ ဒါပေမယ့် မြန်မာပြည်မှာ တပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံအရ ဗီတိုအာဏာရယူထားတဲ့ ပုံစံမျိုးနဲ့တော့ မတူပါဘူး။ လူဖြူပါတီက သူတို့လုပ်ချင်သလို အကန့်အသတ်မရှိတဲ့ လုပ်နိုင်တဲ့ အာဏာမျိုးကို မရခဲ့ပါဘူး။ အေအန်စီရဲ့ မဟာဗျူဟာရေးဆွဲသူတွေထဲက တယောက်ရဲ့ စကားအတိုင်းပြောရရင် "အခုလတ်တလာမှာ ဒီကလက်နဲ့ တွေ့တာ၊ အာဏာခွဲဝေရေးဆိုတာတွေက မဖြစ်မနေ လိုအပ်နေတယ်ဆိုရင် ဒါက ကာလတခုအတွက်ပဲ ဖြစ်ရမယ်၊ အနာဂတ်မှာ အသားအရောင်ခွဲခြားမှုမရှိတဲ့ ဒီမိုကရေစီအဆင့်ကို တက်လှမ်းမယ့် ခရီးအတွက် ရာသက်ပန် ပိတ်ဆို့ထားတာမျိုးတော့ ဘယ်လိုမှ အဖြစ်မခံနိုင်ဘူးဆိုတာပါပဲ။ ၁၉၉၆ ခုနှစ်မှာတော့ အာဏာခွဲဝေရေးနဲ့ ဆိုင်တဲ့ ပြဋ္ဌာန်းထားတဲ့ ပုဒ်မတွေကို ပယ်ဖျက်လိုက်ပြီး ၁၉၉၉ ရွေးကောက်ပွဲနောက်ပိုင်းမှာတော့ လုံးဝပျက်ပြယ်သွားခဲ့ပါတယ်။ ဒါပေမယ့် လူဖြူတွေကို အာမခံချက် ပေးထားတဲ့ ပုဒ်မတချို့နဲ့ နိုင်ငံရေးအခင်းအကျင်းသစ်အတွက် အထောက်အကူပြုတဲ့ အခြား ပုဒ်မတွေကိုတော့ နဂိုအတိုင်း ဆက်ထားခဲ့ပါတယ်။ အဲဒီ ပုဒ်မတွေထဲမှာ နိုင်ငံရေး အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့တာ မှန်ပေမယ့်လည်း လွတ်ငြိမ်းချမ်သာခွင့်ပြုခဲ့တာ (အမှန်တရားနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကနေ တဆင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်)၊ ပင်စင်ခံစားခွင့်တွေကို အာမခံခြင်း၊ လက်ရှိ ပစ္စည်းဥစ္စာတွေကို လေးစားအသိအမှတ်ပြုရမယ်ဆိုတဲ့ အာမခံချက်တွေ ပါဝင်ခဲ့ပါတယ်။ မြန်မာပြည်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစုလိုက်အပြုံလိုက် ပြင်ဆင်တာမျိုးကို စစ်အစိုးရက သဘောတူမယ့်ပုံမျိုးမရှိပါဘူး။ ဒါပေမယ့် အရေးကြီးတဲ့ ပုဒ်မတွေကို ပြင်ဆင်လိုက်မယ်ဆိုရင် တောင်အာဖရိကရဲ့ ကြားဖြတ်ဖွဲ့စည်းပုံလိုမျိုး အကျိုးသက်ရောက်မှု ရှိလာနိုင်ပါတယ်။ အချိန်ကာလတခုအထိပဲ အသက်ဝင်မယ့် ပြဋ္ဌာန်းချက်နဲ့ အာဏာခွဲဝေရေးတွေ လိုအပ်ပါတယ်။ မြန်မာပြည်မှာ စစ်တပ်က ဒီမိုကရေစီမျှော်လင့်ချက်တွေကို ထပ်ခါတလဲလဲ ဖျက်ဆီးခဲ့တာကို တွေ့ခဲ့ရတဲ့ နောက်မှာ အတိုက်အခံထဲက တော်တော်များများက အပေးအယူလုပ်ဖို့ အဆင့်သင့်ဖြစ်နေကြပါပြီ။ ဒီလို လက်တွေ့ဝါဒီတွေထဲမှာ စစ်အစိုးရလက်ထက်မှာပဲ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ပြိုင်ခဲ့ကြတဲ့ ဒီမိုကရက်တစ်ပါတီငယ်လေးတွေသာမက၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင်၊ ဒီမိုကရေစီလိုလားတဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ပါတီတွေ၊ ၈ လေးလုံး မျိုးဆက်ထဲက ခေါင်းဆောင်တော်တော်များများလည်း ပါဝင်နေပါတယ်။ ညှိနှိုင်းမှုတွေမှာ ရှုပ်ထွေးပြီး လက်ဝင်နိုင်တာကြောင့်ပဲ တမျိုးကောင်းသွားနိုင်ပါတယ်။ ဖြေရှင်းစရာ ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိနေတာကြောင့်ပဲ သမီးပေး၊ သမက်ရ အပေးအယူမျိုးအတွက် လမ်းစသွားနိုင်ပါတယ်။ အလားအလာကောင်းတဲ့ သဘောတူညီချက်တခုကို ရဖို့ဆိုရင် အဓိက သက်ဆိုင်သူတွေရဲ့ အကျိုးစီးပွားရေးတွေက ဘာလဲဆိုတာကို အရင်သိအောင်လုပ်ဖို့ လိုပါတယ်။ အထူးသဖြင့် စစ်တပ်ကတော့ သူရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် (autonomy) ကို အသိအမှတ်ပြုဖို့၊ သူ့တို့ အဖွဲ့ဝင်တွေကို တရားမစွဲဖို့၊ သူတို့ရဲ့ စည်းစိမ်ချမ်းသာတွေကို သိမ်းဆည်းမခံရဖို့ ဆိုတာတွေနဲ့ ပတ်သက်လို့ အာမခံချက်ကို လိုချင်မှာပါပဲ။ မြန်မာပြည်က ဒီမိုကရက်တွေအနေနဲ့လည်း အချိန်ကာလတခုမှာ အကန့်အသတ်တွေ ရှိနေပေမယ့် စစ်မှန်တဲ့ ဒီမိုကရေစီခရီးကတော့ လမ်းကြောင်း ဖြောင့်ဖြူးနေတယ်ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ ဒါကြောင့် ဥပမာအနေနဲ့ ဒီလို သဘောတူညီချက်မျိုးကို ညှိနှိုင်းယူနိုင်ပါတယ်။ အင်ဒိုနီးရှားမှာ လုပ်ခဲ့သလိုမျိုး စစ်တပ်က ရွေးချယ်တဲ့ အမတ်တွေကို သက်တမ်းတခုပြီးရင် တဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းသွားတာမျိုး၊ အစိုးရ၀န်ကြီး ၃ ဦးကို စစ်တပ်က ခန့်ထားခွင့်ကိုလည်း သက်တမ်း တခုကျော်ရင် ရုပ်သိမ်းသွားဖို့နဲ့ ဖွဲ့စည်းပုံထဲက တခြား ပြဿနာတက်နေတဲ့ အပိုင်းတွေကို ၂၀၁၅ မတိုင်ခင်မှာ ပြင်ဆင်ဖို့ ညှိနှိုင်းတာမျိုးပါ။ ဒါတွေကို လိုက်လျောပေးမယ်ဆိုရင် စစ်တပ်နဲ့ အပေါင်းအပါ (ခရိုနီ) တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်၊ သူတို့ပိုင်ဆိုင်မှုတွေ (မတရားတဲ့နည်းနဲ့ ပိုင်ဆိုင်ထား တာဖြစ်ပါစေ) လုံခြုံမှုပေးမယ်၊ စစ်တပ်ရဲ့ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကိုလည်း မထိခိုက်စေရဘူးဆိုတဲ့ အာမခံချက်တွေကို ရယူနိုင်ပါတယ်။ ရည်ညွှန်း။    ။ The Need For A Political Pact by Larry Diamond (ဆောင်းပါးရှင်သည် စတမ်းဖို့ဒ်တက္ကသိုလ် (Stanford Univdrsity) ဒီမိုကရေစီ၊ ဖွံ့ဖြိုးရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန၏ ညွှန်ကြားရေးမှူးဖြစ်ပြီး၊ ဒီမိုကရေစီဂျာနယ် (Journal of Democracy) ၏ တွဲဖက် အယ်ဒီတာလည်း ဖြစ်ပါသည်) (ရှေ့တပတ်အညွှန်း - ဂျာမဏီပုံစံအချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်အဆိုပြုချက်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up