Home
မြန်မာသတင်း
၂၀၂၀ တွင် အလုပ်သမားများ၏မဲ အန်အယ်လ်ဒီရရန် မဖြစ်နိုင်တော့ဟု အလုပ်သမားအဖွဲ့များ ပူးပေါင်းထုတ်ပြန်
အာကာ
·
May 20, 2019
အတည်ပြုလိုက်တဲ့ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေဟာ အလုပ်သမားတွေ အကာအကွယ်မပေးနိုင်လို့ လာမယ့် ၂၀၂၀မှာ လက်ရှိ အစိုးရအနေနဲ့ အလုပ်သမားတွေရဲ့ မဲရရှိဖို့ မဖြစ်နိုင်တော့ဘူးလို့ အလုပ်သမားအဖွဲ့ ၁၃ဖွဲ့ က ပူးတွဲထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်မြို့က Myanmar Press Freedom Center မှာ ဒီကနေ့  အလုပ်သမားအဖွဲ့  ၁၃ ဖွဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲကျင်းပပြီး အခုလို ထုတ်ပြန်လိုက်တာပါ။ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေ ကို ပြည်ထောင်စု လွှတ်တော်က မေလ၇ ရက်က အတည်ပြုပြဋ္ဌာန်းလိုက်ပြီး သမ္မတ လက်မှတ်ရေးထိုးဖို့ အဆင့်ပဲ ကျန်တော့တာပါ။ ဒါပေမယ့် ဥပဒေကြမ်းမှာ အလုပ်သမားအဖွဲ့ ချုပ် ၃ခုရဲ့ သဘောထား အကြံပြုချက်တွေကို လွှတ်တော်က မှတ်တမ်းအဖြစ်ပဲ ထားထားတဲ့အတွက် ဒီဥပဒေမှာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ သဘောထား လုံးဝမပါဘူးလို့  အလုပ်သားအဖွဲ့ ချုပ်တခုဖြစ်တဲ့ MICS က ပြောပါတယ်။ ဒါ့အပြင် ဒီဥပဒေမှာ အလုပ်သမားအဖွဲ့အစည်းတွေ တောင်းဆိုနေတဲ့ ထောင်ဒဏ် ထည့်သွင်းဖို့၊ အလုပ်သမားတရားရုံး ထားရှိဖို့တွေမပါတဲ့အပြင် နိုင်ငံဝန်ထမ်းတွေကိုလည်း ဒီဥပဒေကနေ ဖယ်ထုတ်ခဲ့ပါတယ်။ ဒီအတွက် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေဟာ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်မပေးနိုင်တော့တဲ့အတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အလုပ်သမားတွေရဲ့ မဲတွေရဖို့ စိန်ခေါ်မှုဖြစ်သွားပြီလို့  အလုပ်သမားအဖွဲ့ ကိုယ်စားလှယ်တွေက ပြောဆိုကြပါတယ်။ အဆိုပါ ဥပဒေနဲ့ပတ်သက်ပြီး  ကန့်ကွက် လက်မှတ်ရေးထိုးလှုပ်ရှားမှုကို  လာမယ့် ရက်ပိုင်းအတွင်း အလုပ်သမားအဖွဲ့တွေ  ပူးပေါင်းလုပ်ဆောင်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒီဥပဒေကို ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄မှာ ပထမအကြိမ် ပြင်ဆင်ခဲ့ကာ အခုနှစ်မှာ ဒုတိယအကြိမ် ထပ်မံပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024