တရုတ်ရဲနှင့် မြန်မာယာဉ်မောင်းအချို့ ရုန်းရင်ဆန်ခတ်ဖြစ် (ရုပ်သံ)
DVB
·
May 18, 2019
မြန်မာ-တရုတ် နယ်စပ် ၀င်ထွက်ဂိတ်ပေါက်တခုဖြစ်တဲ့ မူဆယ်မြို့ ဆင်ဖြူဂိတ်မှာ မေလ ၁၇ ရက်နေ့ မနက်ပိုင်းက တရုတ်ရဲတပ်ဖွဲ့ဝင်တချို့နဲ့ မြန်မာနိုင်ငံသား ယာဉ်မောင်းတချို့တို့ စကားများပြီး ရုန်းရင်ဆန်ခတ် ဖြစ်ခဲ့ပါတယ်။
အခုလိုဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျရမသိရဘူးလို့ မူဆယ်မြို့မ ရဲစခန်းတာဝန်ကျ ရဲတပ်ဝင်သူတဦးက ပြောပါတယ်။
ဆင်ဖြူဂိတ်ကို ကားပိတ်ဆို့ပြီးရပ်ခဲ့တဲ့ ယာဉ်မောင်းတဦးကိုတော့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်ကြောပိတ်ဆို့မှုနဲ့ တရားစွဲခဲ့ပါတယ်။ တရားစွဲခံရတဲ့ ယာဉ်မောင်းကတော့ မူဆယ်တရားရုံးမှာ ဒဏ်ငွေဆောင်ပြီး နေရပ်ကို ပြန်သွားပြီ ဖြစ်ပါတယ်။
ဆင်ဖြူဂိတ်ကနေ တရုတ်နိုင်ငံဘက်ခြမ်းကို ဝင်မယ်ဆိုရင် နေ့စဉ် လူအမြဲ များပြားနေတာကြောင့် လူတဦးကို အချိန် သုံးနာရီကျော် တန်းစီစောင့်ဆိုင်းရပါတယ်။
ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တဲ့ ဆင်ဖြူနယ်စပ်ဂိတ်မှာ လက်ရှိအချိန်မှာတော့ ပုံမှန်အတိုင်း ဝင်ထွက်သွားလာနေပါတယ်။