DVB Logo
Home
ဆောင်းပါး
အန်အယ်လ်ဒီထဲက သဘောထားကွဲလွဲသူတွေ ဘာလုပ်သင့်သလဲ
DVB
·
November 8, 2012
အန်အယ်လ်ဒီထဲက သဘောထားကွဲလွဲသူတွေ ဘာလုပ်သင့်သလဲ
Donate to DVB

အခုဆိုရင် မြန်မာနိုင်ငံက အကြီးဆုံး ဩဇာအရှိဆုံး၊ လူထုထောက်ခံမှု အရဆုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဟာ အောက်ခြေကနေစ အဆင့်ဆင့်သော ပါတီညီလာခံတွေ ကျင်းပပြီး ပါတီကို ဗဟိုဦးစီးစနစ်ကနေ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်သူတွေ တာဝန်ယူတဲ့စနစ်ကို ပြောင်းလဲဖို့ အကောင်အထည်ဖော်နေတာ တွေ့မြင်ရနေပါတယ်။ ဒီလို အကောင်အထည်ဖော် ဆောင်ရွက်နေတာနဲ့ တပြိုင်နက်တည်း ပါတီညီလာခံ ကျင်းပရေးနဲ့ ပတ်သက်ပြီး အောက်ခြေ အဖွဲ့အစည်း အတော်များများမှာ ပါတီဝင်အချင်းချင်း သဘောထားကွဲလွဲတာ၊ အထက်အဆင့်ကို တိုင်တန်းတာ၊ ဆန္ဒပြတာ၊ အလံတွေဖြုတ်ချပြီး နုတ်ထွက်နေကြတာ စတဲ့ သတင်းတွေလည်း ကြားနေကြရပါတယ်။ ဒီလို လုပ်ဆောင်နေကြတာတွေဟာ မှန်ကန်ပါရဲ့လား၊ သဘောထားကွဲလွဲနေသူတွေအနေနဲ့ ဘာတွေ လုပ်သင့်သလဲဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အောက်ခြေပါတီဝင်အချင်းချင်း သဘောထားကွဲလွဲနေသူတွေရဲ့ သဘောထားကို အရင်ပြောချင်ပါတယ်။ အောက်ခြေက သဘောထားကွဲနေသူတွေ ပြောဆိုနေကြ တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ခံယူမယ်။ ဒါပေမယ့် အန်အယ်လ်ဒီကတော့ ဗဟိုဦးစီးစနစ်နဲ့ ပျက်စီးနေပြီ၊ တချို့တွေကတော့ ဗဟိုဟာ အခြေအနေမှန်ကို မသိဘူး၊ အောက်ခြေက ညီလာခံကျင်းပရေး တာဝန်ရသွားသူတွေကပဲ ဆိုးနေတာ စသဖြင့် အမြင်အမျိုးမျိုး ပြောဆိုကြပါတယ်။ ဒီလိုနည်းနဲ့ အချို့သော အောက်ခြေပါတီဝင်တွေဟာ ဗဟိုက ရှင်းလင်းဖြေရှင်းပေးတာတွေကို လက်မခံဘဲ ပါတီဆိုင်းဘုတ်တွေ ဖြုတ်ချတာ၊ ပါတီဝင်အဖြစ်က နုတ်ထွက်တာတွေ လုပ်ကြပြီး တချို့ ကတော့ အခြား ဆန့်ကျင်ဘက်ပါတီဆီ ကူးပြောင်းတာတွေအထိ လုပ်ခဲ့ကြပါတယ်။

ဒီအတွက် အဲလို လုပ်ကိုင်နေကြသူတွေကို မေးစရာ မေးခွန်းတွေ ရှိလာပါတယ်။ အဲဒါကတော့ သူတို့ပြောနေသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို တကယ်ပဲ ယုံကြည်ပါသလား။ မြန်မာပြည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဟာ တိုင်းပြည်ကောင်းကျိုးဆောင်ရွက်နေတဲ့ ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေတဲ့ အဓိကအကျဆုံး အတိုက်အခံ အင်အားစုပါတီ ဖြစ်တယ်ဆိုတာ လက်ခံပါသလား။ အခြားသော ပါတီတခုခုဟာ အန်အယ်လ်ဒီထက် ပိုပြီး တိုင်းပြည်ကောင်းကျိုးနဲ့ ဒီမိုကရေစီအရေး ဆောင်ရွက်နေတာ၊ ဒီမိုကရေစီကျတဲ့ ပါတီဖြစ်အောင် ကြိုးစားနေတာ ရှိပါသလား။ လက်ရှိ အန်အယ်လ်ဒီအထဲမှာ ဖြစ်နေတယ်လို့ ထင်မြင်ယူဆတဲ့ ပြဿနာတွေဟာ ပါတီလှုပ်ရှားမှု တခုလုံး၊ ပါတီဝင်အားလုံးမှာ ဖြစ်နေတာလား၊ ကိုယ်နဲ့ နီးစပ်တဲ့ တစိတ်တပိုင်းလောက်မှာပဲ ဖြစ်နေတာလား စတဲ့အချက်တွေ ဝေဖန်ဆန်းစစ်ဖို့ လိုပါတယ်။

တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို လက်ခံတယ်ဆိုရင်၊ အန်အယ်လ်ဒီဟာ လက်ရှိအချိန်ထိ အခြားနှိုင်းယှဉ်စရာ မရှိသေးတဲ့၊ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ ပြည်သူ့ပါတီကြီး ဖြစ်တယ်လို့ ယုံကြည်ရင် ကိုယ့်အနီးအနား ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ခေတ္တခဏ ဘေးဖယ်ထားပြီး လက်ရှိ အန်အယ်လ်ဒီပါတီရဲ့ ဒီမိုကရေစီပါတီဖြစ်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ညီလာခံကိစ္စတွေမှာ တထောင့်တနေရာကနေ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားသင့်ပါတယ်။

ဒီနေရာမှာ ပါတီဝင်တချို့က ပြောတာရှိပါတယ်။ သူတို့တွေဟာ ပြည်သူတွေအတွက် တိုင်းပြည်မှာ ဒီမိုကရေစီထွန်းကားရေးအတွက် အန်အယ်လ်ဒီပါတီမှာ ပါဝင်လုပ်ကိုင်ရင်း ထောင်ကျတန်းကျခံ အများကြီး အနစ်နာခံခဲ့တယ် ဆိုတာမျိုးပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ဒီနေ့အချိန်ထိ ဒီမိုကရေစီ မရသေးတဲ့ တိုင်းပြည်မှာ ပြည်သူလူထုအတွက်၊ အန်အယ်လ်ဒီ  ပါတီတွင်း ဒီမိုကရေစီ အမြစ်တွယ်ထွန်းကားရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ကိုယ်ဘယ်နေရာက ပါဝင်ရသည်ဖြစ်စေ ပါတီကောင်းရာကောင်းကျိုးအတွက် အနစ်နာခံ မဆောင်ရွက်သင့်ဘူးလား။ ဒီကနေ့ အန်အယ်လ်ဒီ ပါတီအတွက် အနစ်နာခံဆောင်ရွက်တယ် ဆိုတာဟာ အရင်တုန်းကလို အသက်နဲ့ ဘ၀နဲ့ ထောင်ကျတန်းကျ အနစ်နာခံဖို့အထိ မလိုအပ်တော့ပါဘူး။ ဒါဟာ ကိုယ့်ခေါင်းဆောင် ကိုယ့်ပါတီအကျိုးအတွက် လုပ်တာဖြစ်သလို ကိုယ်က မမှန်မကန် လုပ်ကိုင်သူလို့ သတ်မှတ်တဲ့ လူတွေရဲ့လက်ထဲ ပါတီ ကျရောက်မသွားရအောင် ကာကွယ်ရာလည်း ရောက်ပါတယ်။

တကယ်တော့ နိုင်ငံရေးပါတီတခုမှာ နိုင်ငံရေးလုပ်ရတယ် ဆိုတာဟာ ကိုယ်စိတ်တိုင်းကျ အခြေအနေမျိုး ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒီလို အခြေအနေဖြစ်တိုင်း အရှုံးပေး၊ ပါတီထဲကထွက်၊ အခြားပါတီ ကူးပြောင်းလုပ်နေတာဟာ နိုင်ငံရေးသမားကောင်းတွေရဲ့ လုပ်ရပ်လည်း မဟုတ်ပါဘူး။ တခါတရံမှာ ကိုယ့်ခေါင်းဆောင်အတွက်၊ ပြည်သူအကျိုးဆောင်ရွက်နေဆဲ ပြည်သူ့ဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်နေဆဲ ပါတီအတွက်၊ ကိုယ့်မှာ တာဝန် နေရာ တစုံတရာ မရှိပေမယ့်လည်း ပါတီ နေရာအသီးသီးမှာ ပြည်သူ့ဘက်တော်သားမဟုတ်သူတွေ လွတ်လွတ်လပ်လပ် ခြယ်လှယ်ခွင့်ရမသွားအောင် ပါတီကမထွက် အရှုံးမပေးဘဲ ပါတီဝင်ကောင်း ပီသစွာ ပြည်သူတွေအတွက် အနစ်နာခံ ဆက်လက် တိုက်ပွဲဝင်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013