Home
မေးမြန်းခန်း
မြန်မာ့နိုင်ငံရေး နောက်ပြန်မလှည့်ဖို့ ထိန်းမတ်ကြရမယ် – အံ့ဘွယ်ကျော်
မောင်တူး
·
November 7, 2012
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်တွေဟာ မနေ့က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မှာရှိတဲ့  မီဒီယာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊  ပညာရေး၊ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအံ့ဘွယ်ကျော်ကို ထိုင်းနိုင်ငံ လာရတဲ့ ရည်ရွယ်ချက်၊ မြန်မာ့နိုင်ငံရေး၊ မီဒီယာတွေရဲ့ ကဏ္ဍ စတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဒီမိုကရက်တစ်မြန်မာ့အသံမှာ တွေ့ဆုံ မေးမြန်းထားပါတယ်။ ထိုင်းကို လာရတဲ့အကြောင်းလေး နည်းနည်းရှင်းပြပေးပါ။ [caption id="attachment_32762" align="alignright" width="300" caption="ဦးမောင်တူးနှင့် ဦးအံ့ဘွယ်ကျော်"][/caption] “သပြေ Education Network ကနေ သူတို့နှစ်စဉ်လုပ်နေကြ မြန်မာပြည်ကနေ နိုင်ငံခြားကို ပညာတော်သင် စေလွှတ်ခံရတဲ့ ကျောင်းသားတွေနဲ့ ကျနော်တို့ကို ပေးတွေ့ချင်တယ်။ သူတို့ရဲ့ နှစ်လည်ညီလာခံကို လာတက်ပါဆိုလို့ လာခဲ့ခြင်းဖြစ်ပါတယ်။” ပြည်ပအခြေစိုက် မီဒီယာအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိတယ် ဆိုတော့ တွေ့ပြီးပါပြီလား။ ဘယ်အဖွဲ့တွေနဲ့တွေ့ဖြစ်ပါလဲ။ “ဒီဗွီဘီ၊ ဧရာဝတီတို့နဲ့ တွေ့မယ်လို့ ရည်ရွယ်ထားပါတယ်။ အဓိက မီဒီယာတွေနဲ့ တွေ့တာက အခုအချိန်မှာ နိုင်ငံက အရင်လို မဟုတ်ဘဲ အသွင်ကူးပြောင်းတဲ့ကာလဖြစ်နေတယ်။ မီဒီယာတွေအနေနဲ့လည်း ပြည်တွင်းမှာကို အတော်ကို ပွင့်ပွင့်လင်းလင်း ရေးနိုင်ပြောနိုင်ကြပြီ။ မီဒီယာလည်း အတိုင်းအတာတခုထိ လွတ်လပ်ခွင့်ပေးနေပြီဆိုတဲ့ အချိန်မှာ ပြည်ပအခြေစိုက် သတင်းဌာနတွေက သတင်းထောက်တွေလည်း ပြည်တွင်း ရောက်နေကြပြီ ။ နောက်လည်း ပြည်တွင်းမှာ ဒီသတင်းဌာနတွေ လာအခြေစိုက်ရတော့မယ်။ အဲတော့ အသွင်ကူးပြောင်းရေးကာလမှာ အပြင်ကမီဒီယာတွေဟာ တချိန်က၊ ကျနော်တို့ကလည်း ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ စစ်အစိုးရကို တိုက်ခဲ့၊ ဆန့်ကျင်ခဲ့ရတာပေါ့။ ဒီလိုပဲ ပြည်ပမီဒီယာတွေကလည်း နည်းလမ်းအဖုံဖုံနဲ့ ပံ့ပိုးပေးခဲ့တယ်။  အခုအချိန်ဟာလည်း စစ်အစိုးရမရှိတော့ဘူး။ ဒီမိုကရေစီကူးပြောင်းနေတဲ့ကာလဆိုတော့ မီဒီယာတွေရဲ့ ပေါ်လစီ၊ လုပ်ထုံးလုပ်နည်း၊ ပုံသဏ္ဌာန်တွေ ဘယ်လိုပြောင်းမလဲ ဆိုတဲ့ သဘောတရားလေးတွေ သိချင်တယ်။” ခေတ်ကပြောင်းလာတယ်။ စစ်ဗိုလ်ချုပ်တွေက အရပ်ဝတ်ပြောင်းပြီး ဒီမိုကရေစီအစိုးရဖြစ်လာတော့ မီဒီယာတွေကလည်း အထဲဝင်ကြရတယ်။ မီဒီယာတွေကလည်း ပြောင်းသင့်တယ် မြင်တဲ့အခါကျတော့ ၈၈ မျိုးဆက်ကျောင်းသားတွေအနေနဲ့ ပြည်ပမီဒီယာတွေ ပြောင်းလဲမယ်ဆိုရင် ဘယ်လိုပုံစံမျိုး ပြောင်းလဲသင့်တယ်လို့ ထင်လဲ။ “အခုအချိန်က အကူးအပြောင်းကာလဆိုတော့ အင်မတန်ထိလွယ်ရှလွယ်ဖြစ်တယ်။ အားလုံးစိုးရိမ်နေကြတဲ့ နောက်ပြန်မလှည့်ဖို့ ဆိုတဲ့ကိစ္စအတွက် ဒီလိုအချိန်မှာ ထိလွယ်ရှလွယ်တဲ့ သတင်းကိစ္စရပ်တွေအပေါ်မှာ တော်တော် အလေးအနက်ထားပြီးတော့ ကျနော်ကတော့ peace journalism ပုံစံမျိုး၊ နှစ်ဖက်ပြဿနာ မဖြစ်စေတဲ့လမ်းကနေ ပရိသတ်ကို ပြည်သူကို ပြဿနာမကြီးထွားလာနိုင်တဲ့ ရှုထောင့်ကနေ သတင်းလေးတွေကို ဖန်တီးပေးနိုင်ရင် ကောင်းမလားလို့ မြင်ပါတယ်။” လက်ရှိမှာ မြန်မာ့နိုင်ငံရေးက ပြောင်းလဲနေပြီဆိုတဲ့ အခြေအနေမှာ လက်ရှိ နိုင်ငံရေးအခြေအနေက ဘယ်ကိုရောက်နေပြီလဲ။ “ဒီခေတ်ကတော့ အတွင်းနဲ့အပြင်က သတင်းတော့ သိပ်မကွာဟတော့ဘူးပေါ့။ ဘယ်ကိုရောက်နေပြီလဲဆိုတော့ သွားတော့ သွားနေတယ် မရောက်သေးဘူးပေါ့။ ဆက်သွားရဦးမှာပေါ့။ ဆက်သွားရမယ့်အထဲမှာ လက်ရှိအစိုးရ၊ ပြည်သူတွေရော၊ မီဒီယာတွေရော၊ နိုင်ငံရေးဖော်ဆောင်နေသူတွေရော၊ အားလုံးက နောက်ပြန်မလှည့်ကြေး ဆိုတာ မဖြစ်အောင် တတ်နိုင်သမျှ ထိလွယ်ရှလွယ်ကိစ္စလေးတွေ ကို ပြေပြေ လည်လည်လေး ဖြေရှင်းပြီးတော့ သည်းခံသင့်တာ သည်းခံ၊ ညှိနှိုင်းပြီးတော့ သွားရမှာပါ။ အမြန်ဆုံးရောက်ဖို့ အနေအထားတော့ ကျနော်တော့ သိပ်မသိသေးဘူး။” နောက်ပြန်မလှည့်ဘူးလို့ သမ္မတကြီးကလည်း ပြောပြီ၊ အမေရိကန်မှာလည်း ပြောခဲ့တယ်။ တကယ်ကို နောက်ပြန်မလှည့်ဘူးဆိုတာကရော စိတ်ချလို့ရတယ်လို့ မြင်လား။ “အခုအချိန်ထိကတော့ သွားတော့သွားနေတယ်။ ဘာပဲဖြစ်ဖြစ် သတိကတော့ ရှိကြရမှာပေါ့။ နောက်ပြန်မလှည့်ချင်သူကလည်း နောက်ပြန်မလှည့်ဖို့ သတိနဲ့ ကတိကို တည်ရမှာပေါ့။ ကျနော်တို့တွေကလည်း နောက်ပြန်မလှည့်အောင် ထိန်းမတ်ပေးရမှာပေါ့။” နိုင်ငံရေးအကျဉ်းသားတွေရှိနေသေးတယ်လို့ သိရတယ်။ ၈၈ စာရင်းအရ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ရှိလဲ။ သူတို့လွတ်မြောက်ရေးအတွက် ဘာတွေလုပ်ဆောင်နေပါလဲ။ “၈၈ စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၂၃၀ ကျော်ကျော်ရှိတယ်။ အစိုးရပိုင်းက တာဝန်ရှိတဲ့သူတွေနဲ့ တွေ့ဖြစ်ပါတယ်။ အဓိက ပြောဖြစ်တာက နိုင်ငံရေးအကျဉ်းသား အမြန်လွတ်ဖို့၊ ပြည်ပမှာရောက်နေတဲ့ ရဲဘော်ရဲဘက်တွေ၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ပြည်တွင်းကို ဂုဏ်သိက္ခာ ရှိရှိပြန်လာနိုင်ဖို့ လွတ်ငြိမ်းချမ်းသာခွင့်လို လုပ်ပေးဖို့ တွေ့တိုင်းပြောပါတယ်၊ တိုက်တွန်းဖြစ်ပါတယ်။” ဒါပေမယ့် သမ္မတ ဦးသိန်းစိန်က အမေရိကန် ခရီးစဉ်မှာလည်းပြောတယ်၊ လွတ်ငြိမ်းချမ်းသာခွင့်တော့ မဟုတ်ဘူး။ ပြန်လာသူက အပြစ်ရှိရင်တော့ ပြစ်ဒဏ်ခံရဦးမှာပဲလို့ ထပ်ပြောတာပေါ့။ အဲ့ကိစ္စရော နီးစပ်နိုင်ပါ့မလား။ “ဒါကတော့ သူ့သဘာဝအရ ပြောတာပေါ့။ ကျနော်တို့ကလည်း ကျနော်တို့ ဆန္ဒအရ ဆက်တိုက်တွန်းနေရာမှာပဲ။ ကျန်တဲ့ စစ်အစိုးရခေတ်က မတရားသဖြင့် ဖမ်းဆီးခံထားရတဲ့ သူတွေလည်းရှိတယ်။ ၀န်နဲ့အားမမျှဘဲ ပြစ်မှုကသေးသေး၊ ပြစ်ဒဏ် ကကြီးကြီးတွေ ထောင်ထဲမှာလည်း တွေ့ခဲ့ရတယ်။ ဒါကိုတွေလည်း အမြန်ဆုံးလွှတ်ပေးဖို့။” နိုင်ငံရေးအကျဉ်းသားတွေတင် မကဘဲ စစ်ထောက်လှမ်းရေးဘက်က ဖမ်းထားသူတွေကိုပါ ဆိုလိုတာလား။ “စစ်ထောက်လှမ်းရေးဘက်က ဖမ်းထားသူတွေလည်း အပါအ၀င်ပေါ့။ ပြစ်မှုကေ သးသေး၊ ပြစ်ဒဏ်ကကြီးကြီးတွေ ထောင်ထဲမှာလည်း တွေ့ခဲ့ရတယ်လေ။ တိုင်းပြည်လည်း တည်ငြိမ်ပြီဆိုတဲ့အတွက် အမြန်ဆုံးလွှတ်ပေးဖို့ပေါ့။ မတရားသဖြင့် ဖမ်းဆီးခံရသူတွေပါပေါ့။ အားလုံး ဒါကို အစိုးရပိုင်းတာဝန်ရှိသူတွေနဲ့ တွေ့တိုင်း ဒါကို အဓိကထား ဦးစားပေး ပြောပါတယ်။” ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့ရော အောင်မြင်မှုဘယ်လောက်ရနေပြီလဲ။ “အောင်မြင်မှုဘယ်လောက် ရလဲ မရလဲကတော့ ရန်ကုန်ရုံးကို လာကြည့်စေချင်တယ်။ ဘာလို့လဲဆိုတော့ လူတွေပွင့်ပွင့်လင်းလင်း ပြောရဲဆိုရဲလာတယ်။ ဟိုးအရင် မပြောရဲမဆိုရဲခဲ့တဲ့ ခံလာခဲ့ရတဲ့ ကိစ္စအ၀၀ကို ရုံးမှာလာဖွင့်အံနေကြတယ်။ ဒါတွေကို တတ်နိုင်သမျှ တာဝန်ရှိသူတွေကို လွှဲပြီးတော့ ဖြေရှင်းပေးဖို့ စာရေးတင်ပေးတာမျိုးရှိတယ်။ သူတို့တွေကို ဆက်ပြီးတော့ ပြောနိုင်ဖို့ လမ်းကြောင်းတွေဖွင့်ပေးတာမျိုးရှိတယ်။ ဒါတွေက နေ့စဉ်ရုံးမှာလုပ်နေရတာပေါ့။” ၈၈ မျိုးဆက်ကျောင်းသားတွေက ထောင်ကလွတ်လာပြီးတော့ ဒီလိုရုံးလုပ်ငန်းကိစ္စတွေမှာပဲ လုံးလည်ချာလည်နေတယ်။ အစိုးရကလည်း ဒါမျိုးဖြစ်အောင် လုပ်ထားတယ်ဆိုပြီး တချို့တွေကလည်း ပြောနေကြတယ်။ ရှေ့ဆက်တိုးရမယ့် ကိစ္စမျိုးတွေမဖြစ်ဘူးလို့ ပြောနေကြ တယ်။ “နှစ်ခုစလုံးကတော့ လုပ်ရမယ်။ အဲဒါမျိုးကလည်း လုပ်ရမယ်။ လယ်သမားတွေဆိုလည်း လယ်သမားရေးရာကိစ္စပေါ့။ ဒါတွေမလုပ်ဘဲ လုံးလည်ချာလည်လိုက်နေတယ်ဆိုပြီး ဒါတွေကို လျစ်လျူရှုထားလို့မရဘူး။ ရှေ့လုပ်ငန်းစဉ်တွေမှာလည်း အစိုးရနောက်ကြောင်းပြန်မလှည့်ရေး၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အမြန်ဆုံးချဉ်းကပ်ရောက်ရှိနိုင်ရေး ကိစ္စတွေကိုလည်း လုပ်နေသလို ပြီးခဲ့တဲ့ ကိစ္စတွေကိုလည်း ရှင်းနေရပါတယ်။ တချိန်တည်းနဲ့ တွဲလုပ်နေရပါတယ်။” ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြပြီဆိုတော့ ၈၈ အနေနဲ့ရော ပါတီထောင်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး။ “ကျနော်တို့က အခုအချိန်မှာ လူမှုအဖွဲ့အစည်းပုံစံနဲ့သွားနေတယ်။ နိုင်ငံရေးကိုလည်း လူမှုအဖွဲ့အစည်းပုံစံ လွှတ်တော်ပြင်ပနိုင်ငံရေး အနေနဲ့ ရပ်တည်ပြီးလုပ်နေတယ်။ ၈၈ က လွှတ်တော်ထဲဝင်မလား၊ ပါတီထောင်မလား ဆိုတာနဲ့ပတ်သက်လို့ကတော့ ပါတီထောင်ဖို့ရော၊ လွှတ်တော်ဝင်ဖို့ ကိစ္စရော မရှိသေးပါဘူး။ ရှိလာခဲ့ရင်တောင် ပြည်သူကို ပွင့်ပွင့်လင်းလင်း ချပြမှာပါ။ ကြိုပြောမှာပါ။” ပြည်သူလူထုကိုရော မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုရော ဒီမိုကရက်တစ်မြန်မာ့အသံ ကနေ ပြောချင်တာ၊ တိုက်တွန်းချင်တာ။ “အသွင်ကူးပြောင်းရေးကာလမှာ တည်ဆောက်ရေးတွေလုပ်ကြရမယ်။ တည်ဆောက်ရေးလုပ်နေတဲ့ ကာလမျိုးမှာ အစိုးရကိုလည်း နောက်ပြန်မလှည့်စေအောင်၊ ကိုယ်တွေကိုယ်တိုင်ကလည်း နောက်ပြန်လှည့်တာမျိုးမဖြစ်အောင် နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်းသွားကြဖို့ ဒါကိုပဲ ဆန္ဒပြုချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024