Home
မြန်မာသတင်း
ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသားများကို လောင်းကစားမှု၊ မူးယစ်ဆေးမှုများဖြင့် အမှုဖွင့်
DVB
·
May 14, 2019
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား ၁၈၀ ကျော်ထဲက ၄ ဦးကို လောင်းကစားအက်ဥပဒေအပြင် မူးယစ်ဆေးဝါးမှုနဲ့ အမှုဖွင့်လှစ်ပြီး ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသား ၃ ဦးကိုတော့ တရားမ၀င် လက်နက်ကိုင်ဆောင်မှုနဲ့ အမှုဖွင့်လှစ်ထားတယ်လို့ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ မေလ ၁၃ ရက်နေ့က မြန်မာနိုင်ငံထဲ တရားမ၀င်ဝင်ရောက်မှုနဲ့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား ၁၈၉ ဦးထဲက  ၃ ဦးကို အွန်လိုင်း လောင်းကစားပြုလုပ်တဲ့အတွက် လောင်း ကစားပုဒ်မတွေနဲ့ အမှုဖွင့်လှစ်ထားပြီး မူးယစ်ဆေးဝါး ၂၅ ပြား လက်ဝယ်တွေ့ရှိသူကိုတော့ မူးယစ်ပုဒ်မတွေနဲ့ တာချီလိတ်မြို့မ ရဲစခန်း မှာ အမှုဖွင့်လှစ်ထားပါတယ်။ လောင်းကစားမှုနဲ့အမှုဖွင့်ထားတဲ့ တရုတ်နိုင်ငံသား ၃ ဦးဟာ ၀ိန်းကျောက်ရပ်ကွက်ရှိ လပ်ကီးဟိုတယ်မှာ အင်တာနက်အသုံးပြုပြီး အွန်လိုင်းလောင်းကစား နေတဲ့အတွက် ဖမ်းဆီးထားတာဖြစ်ပြီး လက်တော့ကွန်ပြုတာအပြင် တရုတ်နိုင်ငံ ဘဏ်ကတ်တွေလည်း သိမ်းဆည်း ထားတယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေအပြင် ပြောက်ကျား ကျည်ကာအင်္ကျီတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံသားတွေ ဖမ်းဆီးစဉ်ပါဝင်လာတဲ့ လားဟူတိုင်းရင်းသား ၃ ဦးကို တရားမ၀င် လက်နက်ကိုင်ဆောင်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ လက်နက်ကိုင်ဆောင်မှုနဲ့ ပတ်သက်ပြီး တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦးက “ကျည်ကာ အင်္ကျီတွေဆိုတာ နယ်စပ်ဒေသမို့ လွယ်လွယ်ကူကူဝယ်ယူလို့ ရပါတယ်။ ဒီဒေသက ပြည်သူ့စစ်တွေလဲ ၀ယ်ဝတ်နေကြတာရှိပါတယ်၊ ဖမ်းမိတဲ့ လက်နက်တွေနဲ့ပတ်သက်ပြီး အမှုစစ် အဖွဲ့က ဆက်ပြီး စစ်ဆေးနေပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပတ်သတ်တယ် မပတ်သတ်ဘူး ဆိုတာ အဲ့ဒီကျမှ သေချာသိမှာပါ”လို့ ပြောပါတယ်။ အမှုဖွင့်လှစ်ခြင်းမပြုရသေးတဲ့ တရုတ်နိုင်ငံသားတွေကိုတော့ အထောက်အထားပေါ် မူတည်ပြီး လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ ဆက်လက်အရေးယူသွားဖို့ရှိပြီး ခုအချိန်အထိ တပ်မတော်၊ လ၀ကနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဆက်လက်စစ်ဆေးနေပါတယ်။ တရားမ၀င်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေထဲမှာ အထူးဒေသ(၂) “၀” ဒသ ပန်ဆန်း-မိုင်းယန်းလမ်းက ၀င်ရောက်လာသူတွေပါဝင်သလို အများစုက အထောက်အထား တစုံတရာ မရှိတဲ့သူတွေ ပါဝင်တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသားတဦးဟာ အထူးဒေသ(၂) ပန်ဆန်းကနေ မိုင်းယန်း၊ ကျိုင်းတုံကိုဖြတ်ကျော်ပြီး တာချီလိတ်မှာ သန့်ရှင်းရေးခေါင်းဆောင် အဖြစ်လာရောက်အလုပ်လုပ်ကိုင်နေသူ ဖြစ်တယ်လို့ ရဲစခန်းရဲ့ စစ်ဆေးချက်တွေအရ သိရပါတယ်။ တာချီလိတ်မြို့နယ်အတွင်း တရားမ၀င် နိုင်ငံဖြတ်ကျော်မှုတွေမှာ ထိုင်းနိုင်ငံသားနဲ့ တရုတ်နိုင်ငံသားတွေ အများဆုံးပါဝင်ပြီး အများစုက တရားမ၀င် လောင်းကစား၊ မူးယစ်မှောင်ခိုမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ နိုင်ငံခြားသား တရားမ၀င် ၀င်ရောက်မှုကို ဖမ်းဆီးရမိတာတွေဟာ အရင်နှစ်တွေထက် ပိုမိုများပြားလာယ်လို့ တာချီလိတ်မြို့မ ရဲစခန်း မှတ်တမ်းတွေအရ သိရပါတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်း တဦးက “အခုဖမ်းမိတဲ့ သေနတ်တွေက တိုင်းရင်းသား လက်နက်ကိုင်တွေ ကိုင်ကြတာများတယ်။ တချိန်က အလင်းဝင်လာတဲ့ ပြည်သူ့စစ်တွေမှာလဲ ရှိတယ်၊ ဒေသအခေါ် “အာကာ”လို့ခေါ်ကြတယ် အခုနောက်ပိုင်း ထိုင်းက၀င်တဲ့ M4A လိုမျိုးလဲ ကိုင်ကြပါတယ်။ အခုလို နိုင်ငံခြားသား အမြောက်အများ ဖမ်းဆီးမိတာ ခဏခဏဖြစ်နေတော့ လုံခြုံရေး စိုးရိမ်ရတယ်လို့ ပြောလို့ရတယ်။” လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ မတ်လကလည်း ထိုင်းနိုင်ငံသား ၈၀ ကျော်ကို UWSA တောင်ပိုင်း နားယောင်းကျေးရွာမှာ ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ သတင်း- ကိုဇက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024