Live
Home
မြန်မာသတင်း
အိုင်အယ်လ်အိုထံတိုင်ရာတွင် ကူညီသူ ၃ ဦး တရားစွဲခံရ
အေးနိုင်
·
November 6, 2012
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်မှာ အိုင်အယ်လ်အိုထံ ကူညီတိုင်တန်းပေးသူတွေကို နယ်မြေခံရဲတပ်ဖွဲ့က တရားစွဲဆိုထားမှုဟာ အိုင်အယ်လ်အိုနဲ့ မြန်မာအစိုးရအကြား ချုပ်ဆိုထားတဲ့ နားလည်မှုစာချွန်လွှာကို ဖောက်ဖျက်ကျူးလွန်နေတာ ဖြစ်တယ်လို့ အိုင်အယ်လ်အို ဆက်သွယ်ရေးကွန်ရက်အဖွဲ့ဝင် ဦးသက်ဝေက ပြောပါတယ်။ ကျောင်းကုန်းမြို့နယ်မှာ ပြည့်တန်ဆာအဖြစ် သွတ်သွင်းခံရသူ အမျိုးသမီး ၁ ဦးက ရဲတွေလည်း ပါဝင်ပတ်သက်ကြောင်း ရန်ကုန် အိုင်အယ်လ်အိုရုံးမှာ ဒီနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့က လူကုန်ကူးမှုနဲ့ တိုင်ခဲ့ပါတယ်။ ဒါပေမယ့် သွားတိုင်တန်းတဲ့ ကာယကံရှင် အမျိုးသမီးဟာ နောက်ပိုင်းမှာ ရဲဘက်က သက်သေဖြစ်ပြီး တိုင်တန်းမှုဟာ သူ့ဆန္ဒမပါဘဲ မသန္တာစိန်၊ ဒေါ်ခင်မာဆွေ ခေါ် ဒေါ်ပုနဲ့ ကိုဇော်မျိုးထိုက်တို့ ၃ ဦးက တိုက်တွန်းလို့ ဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ဒီနောက် ရဲက သူတို့ ဂုဏ်သရေကို ထိပါးတယ်ဆိုပြီး ကူညီသူ ၃ ဦးကို အသရေဖျက်မှုနဲ့ တရားစွဲထားတာပါ။ ဒီလို တရားမစွဲဆိုခင်မှာ ရဲက အမျိုးသမီးငယ်ကို စည်းရုံးသိမ်းသွင်းခဲ့တယ်လို့ မသန္တာစိန်က ပြောဆိုပြီး အခြေအနေကို ခုလို ပြောပါတယ်။ “နဂိုထည့်ထားတဲ့ ရဲတွေက စခန်းမှူးဘက်က သက်သေတွေဖြစ်ကုန်ပြီ။ သူက အရင်က စခန်းမှူးနဲ့ ရဲတွေကို တိုင်ခဲ့တာ၊ အခု သူ့ကို စခန်းမှူးက နားကွင်းဝယ်ပေးလိုက်တော့ သူက စခန်းမှူးဘက်က သက်သေပြန်ဖြစ်သွားတယ်။ စခန်းမှူးဘက်က ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေ အကုန်သက်သေဖြစ်သွားတယ်။ သူ့အတွက်နဲ့ ရဲတွေနစ်နာတယ်။ ဒါကြောင့် ဒီအမှုကို ပိတ်တယ်ဆိုပြီး သူက ထွက်ဆိုလိုက်တော့ စခန်းမှူး သိန်းဇော်က ကျမတို့ကို အသရေဖျက်မှုနဲ့ ပြန်တရားစွဲထားတယ်။” ရဲတွေပတ်သက်တယ်ဆိုတာကို အမျိုးသမီးငယ်လက်ရေးနဲ့ ရေးထားတဲ့စာတွေ၊ လက်မှတ်တွေရှိပါတယ်လို့ သူက ပြောပါတယ်။ တရားစွဲခံရသူ နောက်တဦးလည်းဖြစ် ကာယကံရှင်အမျိုးသမီးငယ်ရဲ့ အဒေါ်ဖြစ်သူလည်းဖြစ်တဲ့ ဒေါ်ခင်မာဆွေ ခေါ် ဒေါ်ပုကလည်း ခုလို ပြောပါတယ်။ “သူ ကျမအိမ်ကို ပြေးလာတယ်၊ သူ ၄ လလောက် ပြည့်တန်ဆာအဖြစ် ခိုင်းခံရတာ။ ဦးသိန်းဇော်အပါအ၀င် ရဲတွေပါတယ်တဲ့ ကျမကို အဲလိုပြောတာ။” ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ကျောင်းကုန်းမြို့နယ်ရဲစခန်းကို မေးမြန်းဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် မရသေးပါဘူး။ ဒီတိုင်ကြားချက်အပြီးမှာ ရဲက ပြည့်တန်ဆာအဖြစ် သွတ်သွင်းသူလို့ ယူဆသူတဦးကို ဖမ်းဆီးထားပါတယ်။ အိုင်အယ်လ်အိုတိုင်ကြားတဲ့နေ့က ပြည့်တန်ဆာအဖြစ် သွတ်သွင်းခံရသူ အမျိုးသမီးငယ်က ဒီဗွီဘီကို ခုလို ပြောဖူးပါတယ်။ “ရောင်းစားပြီး ပြည့်တန်ဆာလုပ်ခိုင်းတာ။ သူတို့အိမ်မှာ နေဖို့ စားဖို့မပူရဘူး။ ကျောင်းထားပေးမယ်ဆိုပြီး အမျိုးသားတွေနဲ့ ထည့်ထည့်ပေးလိုက်တာ၊ သမီးလည်း တပြားမှမရဘူး။” အခုလို လူကုန်ကူးမှုနဲ့ ပတ်သက်လို့ ကူညီတိုင်ပေးသူတွေကို တရားရုံးမှာ အမှုစွဲတင်တာဟာ လူကုန်ကူးမှုပပျောက်ရေး ရည်မှန်းချက်ကို ထိပါးစေလိမ့်မယ်လို့ ဦးသက်ဝေက ပြောပါတယ်။ “လူကုန်ကူးမှုနဲ့ ပတ်သက်လို့ အိုင်အယ်လ်အိုနဲ့ အစိုးရအကြား သဘောတူညီထားတဲ့ စာချွန်လွှာ အပိုဒ် ၉ အရ ဆက်သွယ်ကူညီဆောင်ရွက်သူတွေကို လက်တုံ့ပြန်အရေးမယူရဘူးလို့ ထုတ်ပြန်ထားတာရှိတယ်။ အခုတော့ ဆက်သွယ်ကူညီဆောင်ရွက်သူတွေကို လက်တုံ့ပြန်အရေးယူပြီး တာဝန်ရှိသူတွေကို ဥပဒေကြောင်းအရ အရေးမယူတာတွေကြောင့် ဒီစီမံကိန်းတွေ၊ မူဝါဒတွေ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောချင်တယ်။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024