Home
မြန်မာသတင်း
ဂင်းနစ်မှတ်တမ်းဝင်ခဲ့သည့် ဧဝရတ်တောင်ပေါ်က ရာဂ်ဘီ ပြိုင်ပွဲ
DVB
·
May 12, 2019
ဧဝရတ်တောင်ရဲ့ အမြင့်ပေ ၂၀၇၇၁ မှာ ပြုလုပ်ခဲ့တဲ့ ရာဂ်ဘီရန်ပုံငွေပွဲစဉ်တခုကို နိုင်ငံလက်ရွေးစင် ကစားသမားဟောင်းတွေအပါအဝင် ရာဂ်ဘီကစားသမားအချို့က ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ မေ ၇ ရက်နေ့ Sky News သတင်းမှာ ဖော်ပြပါတယ်။ ဒီပွဲကို ဧဝရတ်တောင်ရဲ့ Advanced Base စခန်းအနီးမှာ တဖက်ခုနစ်ယောက်ခွဲပြီး ကျင်းပခဲ့တာဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်ဟောင်း လီမီရာနဲ့ ဝေးလ်လက်ရွေးစင်ဟောင်း အော့စ်ပရေးတို့လည်း ပါဝင်ခဲ့ပါတယ်။ ဒီပွဲဟာ မသန်စွမ်းကလေးငယ်တွေကို ရာဂ်ဘီအားကစားနည်းနဲ့ တဖက်တလမ်းကနေ ကူညီနေတဲ့ Wooden Spoon ဆိုတဲ့ ပရဟိတအဖွဲ့တခုအတွက် ရည်ရွယ်ကျင်းပခဲ့တာဖြစ်ပြီး ပေါင် ၂၅၀၀၀၀ လောက်ရန်ပုံငွေရရှိခဲ့ တယ်လို့လည်း သိရပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် များစွာမြင့်မားတဲ့နေရာမှာ ကျင်းပပြုလုပ်ခဲ့တာ ကြောင့် ဒီကစားပွဲမှာ ကစားသမားတွေဟာ အသက်ရှူကြပ်ခြင်း၊ အေးခဲခြင်းနဲ့ အလွန်အမင်း မောပန်းခြင်းတို့ကိုလည်း ခံစားခဲ့ရပါတယ်။ “ဒါဟာ ရာဂ်ဘီကစားပွဲတစ်ခုအတွက် ကောင်းမွန်တဲ့ အခြေအနေမှာရှိမနေတာတော့ ပြောစရာ မလိုပါဘူး။ ဒီပွဲက တော်တော်လေး ပြင်းထန်ခက်ခဲခဲ့ပါတယ်” လို့လည်း ဒီပြိုင်ပွဲရဲ့ အသင်းတသင်းမှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့တဲ့ကစားသမား ဝီလီယမ်က ပြောပါတယ်။ “ဒီပွဲမှာ ခင်ဗျားတခါလောက် ပြေးလိုက်မယ်ဆိုရင် ခင်ဗျားအတွက် အမောပြေဖို့ ၁၀ မိနစ်လောက်အချိန်ယူရမှာပါ” လို့လည်း သူကဆက်လက် ပြောဆိုပါတယ်။ အမြင့်ပေအများကြီးမှာ ကစားခဲ့တယ်ဆိုပေမယ့် ဒီပွဲဟာ သတ်မှတ်ထားတဲ့စံချိန်အတိုင်း ခုနစ်မိနစ်နှစ်ပိုင်းခွဲကစားခဲ့တာဖြစ်ပြီး ဂင်းနစ်မှတ်တမ်းဝင်အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ ဒီလို ပရဟိတရန်ပုံငွေပွဲမှာ ပါဝင်ကစားနိုင်ဖို့အတွက် နှစ်ဖက်ကစားသမားတွေဟာ နှစ်ပတ်လောက် ကြိုတင်ပြင်ဆင်ခဲ့ကြတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024