Home
မြန်မာသတင်း
ဖန်ဂရန်ရာဇီ ရေခဲတောင်ပေါ်က ပြုတ်ကျပျောက်ဆုံးခဲ့သည့် မစိမ့်ထက်၏ အင်္ကျီနှင့်ပစ္စည်းအချို့ပြန်တွေ့
DVB
·
May 12, 2019
ဖန်ဂရန်ရာဇီ ရေခဲတောင်ပေါ်က ပြုတ်ကျပျောက်ဆုံးခဲ့တဲ့ မစိမ့်ထက်ရဲ့  အင်္ကျီနဲ့ ပစ္စည်း တချို့ကို ရက်သတ္တပတ် ၃ ပတ်အကြာမှာ ရှာတွေ့တယ်လို့ ကယ်ဆယ်ရေးသွားတဲ့ တောင်တက် အဖွဲ့တွေက ပြောပါတယ်။ ဧပြီ ၁၂ ရက်က ကချင်ပြည် ဖုန်ဂရန်ရာဇီရေခဲတောင်ပေါ်ကနေ ခြေချော်ပြုတ်ကျသွားတဲ့ မစိမ့်ထက်ကို မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့က အဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ ပါဝင်တဲ့ ကယ်ဆယ်ရေးကော်မတီက ဧပြီ ၂၆ ရက်နေ့က စတင်သွားရောက် ရှာဖွေခဲ့တာပါ။ ပူတာအိုဒေသကနေ စသွားခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ ရာသီဥတုဆိုးရွားတဲ့အတွက် မစိမ့်ထက် ပြုတ်ကျတဲ့ နေရာကို မေလ ၄ ရက်မှာရောက်ရှိပြီး သူမရဲ့ အင်္ကျီနဲ့ ပစ္စည်းအချို့ကို ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ “ညီမလေး စိမ့်ထက်ကို ပြန်မတွေ့ရပေမယ့် ကူညီခြင်တဲ့စိတ်နဲ့ အားလုံး ရှာဖွေပေးခဲ့တဲ့ နေရာမှာ အင်္ကျီလေးနဲ့ မျက်မှန်လေးရလို့ မိသားစုအတွက် စိတ်သက်သာရာလေး ရမယ်ဆိုရင် ကျေနပ်ပါတယ်” လို့ ကယ်ဆယ်ရှာဖွေရေးအဖွဲ့က တောင်တက်အဖွဲ့ခေါင်းဆောင် ဒေါ်နန်းကေသီခိုင်က ပြောပါတယ်။ ခြေလျင်နဲ့ တောင်တက်အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးကျင်ဦး ဦးဆောင်ပြီး ငွေကြေးစိုက်ထုတ်ကာ မစိမ့်ထက်ကို ကယ်ဆယ်ရှာဖွေတဲ့ လုပ်ငန်းလုပ်ခဲ့တာဖြစ်ပြီး အဖွဲ့ဝင်အရေအတွက် ၁၅ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ သမီးဖြစ်သူကို ကယ်ဆယ်ရှာဖွေတာလုပ်ခဲ့တဲ့ ဦးကျင်ဦးနဲ့ အဖွဲ့အားလုံးကို ကျေးဇူးတင်တယ်လို့ မစိမ့်ထက်ရဲ့ဖခင်ကပြောပါတယ်။ မစိမ့်ထက် မတော်တဆပြုတ်ကျတာက ခေါင်းဆောင်ဖြစ်သူမှာ တာဝန်ရှိတာဖြစ်ပြီး လက်ရှိမှာ ပျောက်ဆုံးမှုနဲ့သာ ရဲစခန်းကို အကြောင်းကြားထားတာဖြစ်လို့ အရေးယူမှုတွေ မရှိရင် တရားစွဲသွားမယ့် အစီစဉ်တွေရှိတယ်လို့ ဖခင်ဦးမောင်မောင်လေးက ပြောပါတယ်။ ရေခဲတောင်တက်ရာမှာ အသက်ကယ်ကြိုးသုံးတာ မသုံးတာက ရေခဲအပျော့အမာအပေါ် မူတည်တာဖြစ်ပြီး ရေခဲတောင်အားကစားက တက်ရောက်ကြသူတွေများလာလို့ အခုလို ပျောက်ဆုံး ဖြစ်စဉ်တွေအတွက် လာမယ့်အချိန်တွေမှာ ရေခဲတောင်ကယ်ဆယ်ရေး အဖွဲ့တွေဖွဲ့ဖို့ အစီအစဉ်ထိ လုပ်ဖို့ရှိတယ်လို့  ခြေလျှင်နဲ့တောင်တက်အဖွဲ့က ဆိုပါတယ်။ ရေခဲတောင်ဒေသမှာ ဒီလိုဖြစ်တာအတွက် များစွာစိတ်မကောင်းဖြစ်တယ်လို့ မစိမ့်ထက်ကို ကယ်ဆယ်ရှာဖွေတဲ့ အဖွဲ့မှာလိုက်ပါတဲ့ ဒေသခံ ဦးလန်ဝမ်ထိန်က ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်က အဖွဲ့ဝင် ၂၀ ဦးပါဝင်တဲ့ The Summiter ခရီးသွားအဖွဲ့က ဖန်ဂရန်ရာဇီရေခဲတောင်ကို တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီအဖွဲ့ထဲမှာ မစိမ့်ထက်ပါဝင်ခဲ့ပြီး သူမအနေနဲ့ တောင်ထိပ်ကအဆင်းမှာ ပြုတ်ကျသွားတာဖြစ်ပြီး သူမပျောက်ဆုံးခဲ့တာ တလပြည့်သွားပြီလည်းဖြစ်ပါတယ်။ မေစု
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024