Home
မြန်မာသတင်း
ရွှေဘိုထောင်ဆူပူမှု တိုက်ရိုက်ထုတ်လွှင့်သူ ၃ ဦးအား အမှုဖွင့်၊ ထောင်ဝန်ထမ်းကို စစ်ဆေးနေ
ပိုင်စိုး
·
May 11, 2019
ရွှေဘိုထောင်ဆူတုန်းက လူမှုကွန်ရက်မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့သူ ၃ ဦးအား ဖော်ထုတ် အမှုဖွင့်ထားပြီး ထောင်ဝန်ထမ်းကိုလည်း စစ်ဆေးနေတယ်လို့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူက ဆိုပါတယ်။ ပြီးခဲ့တဲ့ မေ ၈ ရက်က ရွှေဘိုထောင်ဆူပူတာကို အကျဉ်းသားတွေကိုယ်တိုင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့တာပါ။ ဒီဆူပူတာကို အကျဉ်းဦးစီးဌာနဝန်ထမ်းတွေက သေနတ်ပစ်ဖောက်နှိမ်နင်းခဲ့ပြီး ၄ ယောက်သေဆုံး၊ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက “ရွှေဘိုထောင်မှာ လိုက်ဖ်လွှင့်တဲ့ အကျဉ်းသားကို ဖော်ထုတ်တာမှာ ၃ ယောက်ရပါတယ်။ သူတို့ လိုက်ဖ်လွှင့်ခဲ့တယ် ဆိုတာ ဝန်ခံတယ်။ ဖုန်းကို ဘယ်ကရလဲဆိုတော့ ဝန်ထမ်းဆီက ရတယ်လို့ ပြောတယ်။ ဒါပေမယ့် ဝန်ထမ်းနဲ့ မျက်နှာချင်းဆိုင်မေးမြန်းတဲ့အခါကျတော့ မဟုတ်တော့ဘူး။ ဟိုလိုလို ဒီလိုလို ဖြစ်သွားတာပေါ့။ သူတို့ ၃ ယောက်ကိုတော့ မနေ့က အကျဉ်းထောင် အက် (ဥပဒေ) ၄၂ နဲ့ အမှုဖွင့်လိုက်ပါပြီ။ ဝန်ထမ်းကိုတော့ ဌာနဆိုင်ရာ စုံစမ်း စစ်ဆေးနေပါတယ်။ တကယ်လို့ အကျဉ်းသားပြောတဲ့အတိုင်း သူ့ဆီကရတာ မှန်တယ်ဆိုရင်တော့ သူ့ကိုလည်း အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ ၄၂ နဲ့ တရားစွဲသွားမယ်” လို့ ပြောပါတယ်။ ဆူပူမှုဖြစ်ခဲ့တဲ့ထောင်တွေမှာ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးနေတယ်လို့လည်း သူက ပြောပါတယ်။ နှစ်ဆန်းတရက်နေ့တုန်းက သမ္မတက လွတ်ငြိမ်းသက်သာခွင့်ပေးအပြီး အမှုတူသူတွေ မပါလို့ ဆိုပြီး ရွှေဘိုထောင်နဲ့ မုပ္ပလင်ကုန်ထုတ်စခန်းက အကျဉ်းသားတွေ အလုပ်မဆင်းဘဲနေတာ၊ တောင်းဆိုဆန္ဒပြတာတွေ လုပ်ခဲ့ကြပါသေးတယ်။ မုပ္ပလင်ကုန်ထုတ်စခန်းအကျဉ်းသားတွေက ၂၀၁၉ ခုနှစ် နိုင်ငံတော် လွတ်ငြိမ်းသက်သာခွင့်ပေးရာမှာ မူးယစ် ဥပဒေပုဒ်မ ၁၆ အရ လက်ဝယ်တွေ့သူတွေ လွတ်မြောက်သွားပေမယ့် မူးယစ်အမှု ဖမ်းတုန်းက အတူရှိနေသူတွေ၊ အနားမှာ ရှိနေသူတွေ ပုဒ်မ ၂၁ (အားပေးကူညီမှု) နဲ့ စွပ်စွဲခံရပြီး အကျဉ်းကျခံခဲ့ ရသူတွေကတော့ လွတ်ငြိမ်းသက်သာခွင့် မရခဲ့ဘူးလို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်တာဝန်ရှိသူတွေကို တင်ပြခဲ့ကြပါတယ်။ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက “ကျန်ခဲ့တယ်ဆိုတာကတော့ သူတို့အပြောပါ။ တချို့ဟာကလည်း မသိတာလည်း ပါမှာပေါ့နော်။ တခြားအမှုတွေ တွဲနေမယ်ဆိုရင်တော့ ကျန်မှာပေါ့။ ကျနော်တို့ကတော့ ပြုစုခိုင်းတဲ့ဟာကတော့ ပြုစုပြီး တင်ပေးတာပဲ။ ဒါကတော့ လွှတ်သင့်တယ်၊ ဒါတော့ မလွှတ်သင့်ဘူးပေါ့။ ကျန်တဲ့ ထူးထူးခြားခြား ဖြစ်တဲ့ဟာကတော့ ကျနော်တို့ မပြုစုပါဘူး။ မူဝါဒထဲမှာ မပါတဲ့ဟာကိုတော့ မပြုစုပေးပါဘူး” လို့လည်း ပြောပါတယ်။ သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ မမျှတဘူးဆိုပြီး ကလေးထောင်၊ ဘားအံထောင်၊ ရွှေဘိုထောင်၊ မြစ်ကြီးနားထောင်၊ ထားဝယ်ထောင်၊ သာယာဝတီထောင်နဲ့ ပုသိမ်ထောင်မှာ ဆူပူခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ ထောင်တွေအားလုံး အေးအေးဆေးဆေး ဖြစ်နေပြီလို့လည်း ဦးမင်းထွန်းစိုးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024