Home
မြန်မာသတင်း
နမ့်ခမ်းတွင် ဓာတ်ဆီသိုလှောင်အိမ် မီးလောင် (ရုပ်သံ)
နန်းမြနဒီ
·
May 10, 2019
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့မှာ ဒီကနေ့ မွန်းတဲ့ ၁၂ နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မူဆယ် မီးသတ်ဦးစီးမှူး ဦးလွှမ်းမိုးအောင်က ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့နေရာဟာ ၀ိန်းဆာရပ်ကွက်ရှိ ဓာတ်ဆီတွေ သိုလှောင်ထားတဲ့ အိမ်ဝင်းထဲမှာဖြစ်ပြီး ဓာတ်ဆီတိုင်ကီတွေ တလုံးပြီး တလုံးပေါက်ကွဲနေသလို တထပ်တိုက် နေအိမ်လည်း မီးလောင်ခဲ့တယ်လို့ တရပ်ကွက်တည်းနေ စိုင်းဘမြင့်က ဒီဗွီဘီကို ပြောပါတယ်။ “မီးက ဘယ်ကနေ စလောင်သွားလဲဆိုတာတော့ သေချာမသိသေးဘူးခင်ဗျ။ နေပူပူကြီး ထဲမှာ ဆီဖြည့်နေတုန်း မီးထတောက်တာလို့လည်း ပြောတယ်။ ဓာတ်ဆီပေပါတွေ တလုံးပြီးတလုံး ပေါက်ကွဲနေ တာ ကျနော့်အထင် အလုံး ၁၀၀ ကျော်ပြီထင်တယ်။ သူတို့အိမ်ကတော့ မီးလောင်သွားပြီ၊ အထဲကပစ္စည်းတွေလည်း ဘာမှမရလိုက်ဘူး။” အဆိုပါ နေအိမ်မှာ ၅၀ ဂါလန်ဆန့် ဆီတိုင်ကီ ရာနဲ့ချီ သိုလှောင်ထားပြီး အနီးနားဝန်းကျင်ရှိ ဓာတ်ဆီဆိုင်တွေကို ပြန်လည်ဖြန့်ဖြူးရောင်းချနေတာလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် အရံမီးသတ် တပ်ဖွဲ့ဝင် စိုင်းထွန်းရွှေက  မူဆယ် နဲ့ နမ့်ခမ်းမြို့နယ်က မီးသတ်ကားစုစုပေါင်း ၂၁ စီး သွားရောက်ငြှိမ်းသတ်ခဲ့ပေမယ့် အဆိုပါနေရာက ကုန်းပေါ်မှာရှိပြီး လမ်းတွေကျဉ်းမြောင်းတာကြောင့် မီးသတ်ရာမှာ အခက်အခဲတွေရှိခဲ့ကြောင်း၊ ဒါကြောင့် ညနေ ၃ နာရီလောက်မှ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ မီးလောင်မှုကြောင့်  တအိမ်လုံး မီးလောင်သွားတဲ့အပြင် အိမ်ရှေ့မှာရပ်ထားတဲ့ ကားတစီးပါလောင်ကျွမ်းပြီး ဓာတ်ဆီပေပါတွေလည်း ရာနဲ့ချီ ပေါက်ကွဲလောင်ကျွမ်းကြောင်း၊ မီးလောင်ရတဲ့အကြောင်းနဲ့ ဆုံးရှုံးမှု ခန့်မှန်းခြေ တန်ဖိုးတွေကိုတော့ ရဲစခန်းက စိစစ်တွက်ချက်နေဆဲပဲလို့ ပြောပါတယ်။ ရုပ်သံ - အ မှန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024