Home
မြန်မာသတင်း
ကျောက်တော်တွင် သေနတ်ကျည်ထိမှန်သဖြင့် အရပ်သား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
May 10, 2019
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဒီကနေ့မနက် အစောပိုင်းက သေနတ်ကျည်ထိမှန်တာကြောင့် ဆိုင်ကယ်ကယ်ရီသမားတဦး သေဆုံးသွားပြီး ကူးတို့လှေ ပြေးဆွဲနေတဲ့ အရပ်သားတဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာက ဦးမောင်မောင်လှ (၃၄ နှစ်) ဖြစ်ပါတယ်။ လူမှုကယ်ဆယ်ရေးတွေ လုပ်ကိုင်နေတဲ့ ကျောက်တော်ဒေသခံ ကိုဇော်ဝင်းက “ဘုရားပေါင်းက မောင်မောင်လှလို့ ခေါ်တယ်။ ကယ်ရီမောင်းတယ်။ မနက်စောစောကလည်း ကယ်ရီမောင်းလို့ ဒီကို (ကျောက်တော်) တခါ ရောက်လာသေးတယ်တဲ့။ ကျောက်တော်နဲ့ ဘုရားပေါင်းက နီးတော့ မနက်ဆိုရင် ကယ်ရီပြေးဆွဲနေတယ်။ မြို့ပေါ်ကိုဆွဲရတာပေါ့။ ရွာမှာဆွဲလို့လည်း ဘယ်လိုရမလဲ။ မနက်စောစော မိန်းမကိုလည်း ဒီကိုလာပို့လာသေးတယ်တဲ့။ ပစ္စည်းမေ့ကျန်ခဲ့လို့ ရွာကသွားယူတာ။ အဲမှာဖြစ်သွားတာ” လို့ ပြောပါတယ်။ ဒါ့အပြင် ဒီကနေ့မနက်ပိုင်းကလည်း ကျောက်တော်မြို့နယ် တောင်ပေါက်ရွာက ကိုဦးတင်ဝင်း အသက် (၂၈ နှစ်) ဟာ ကူးတို့ (စက်လှေ) ကူးလို့အပြီး လှေကို ဆိပ်ကမ်းမှာ ရပ်နားနေတဲ့အချိန် သေနတ်ကျည် ထိမှန်ခဲ့တယ်လို့ ကိုဇော်ဝင်းက ပြောပါတယ်။ လူမှုကယ်ဆယ်ရေးတွေ လုပ်ကိုင်နေတဲ့ ကျောက်တော်ဒေသခံ ကိုဇော်ဝင်းက “တောင်ပေါက်ရွာက အသက် ၂၈ နှစ်ရှိတဲ့ ကိုဦးတင်ဝင်းက ကူးတို့သည်။ ကူးတို့ကူးလို့ လူပို့လို့ စစ်အောင်ကျေးရွာဘက်ကို ရောက်တယ်။ ရောက်တော့ လှေကို ထိုးဝါးစိုက်တယ်။ ထိုးဝါးစစ်နေတဲ့အချိန် နဖူးမှာ ကျည်ထိသွားတယ်။ သေနတ်ထိတယ်လို့ သူကိုယ်တိုင် မနက်စောစောက ဓာတ်မှန်ဆောင်မှာ ဓာတ်မှန်ရိုက်နေတုန်း ပြောလိုက်တာ” လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ ရုပ်အလောင်းကိုတော့ နယ်မြေခံရဲတွေက ကျောက်တော်မြို့နယ် ဆေးရုံရဲ့ ရင်ခွဲရုံကို ပို့ဆောင်ထားပြီး လက်ရှိမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဘုရားပေါင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ကိုဦးတင်ဝင်းမှာလည်း နဖူးပေါ်ရသွားတဲ့ ဒဏ်ရာပြင်းထန်တာကြောင့် ကျောက်တော်ဆေးရုံမှာ ဆေးကုသမှု ခံနေရပါတယ်။ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း အရပ်သားတွေ ပစ်သတ်ခံရတာ၊ မိုင်းထိသေဆုံးတာ၊ ပျောက်ဆုံးတာတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။ ကျောက်တော်မြို့နယ်မှာ ဒီနေ့မနက် တပ်မတော်နဲ့ အေအေအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာ ရှိမရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။ အေအေပြောခွင့်ရ ခိုင်သုခကတော့ ဒီနေ့မနက် တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ပြောပါတယ်။ မေလ ၉ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်က စစ်ဘေးရှောင်တဦးနဲ့ အရပ်သားတဦးတို့ ဝါးသွားခုတ်စဉ် မိုင်းနင်းမိတာကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့ကြပါတယ်။ သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ - ကျော်လှမြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024