ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ဖရန့်ဖတ်ကိုနိုင်ပြီး ချဲလ်ဆီး ယူရိုပါလိဂ် ဗိုလ်လုပွဲတက် (ရုပ်သံ)

ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ ဖရန့်ဖတ်တို့ မနေ့ညက ယှဉ်ပြိုင်ရာ ပွဲကစားချိန်ပြည့်တဲ့အထိ တဂိုးစီ သရေကျနေလို့ ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းရာမှာ ချဲလ်ဆီးက လေးဂိုး သုံးဂိုးနဲ့နိုင်ပြီး နောက်ဆုံး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ဖရန့်ဖတ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့စဉ်ကလည်း တဖက်တဂိုးစီ သရေကျခဲ့တာပါ။ ပွဲချိန် ၂၈ မိနစ်မှာ လော့ဖ်တပ်စ်ချိခ်က ချဲလ်ဆီးအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ပထမပိုင်း အပြီးမှာ ချဲလ်ဆီးက တဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဖရန့်ဖတ်အတွက် ချေပဂိုးကို ပွဲချိန် ၄၉ မိနစ်မှာ တိုက်စစ်မှူး ဂျိုဗစ်က အနီးကပ် ကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။ ဒီပွဲမှာ အိမ်ရှင် ချဲလ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပြီး ဂိုးကန်သွင်းခွင့်မှာတော့ နှစ်သင်း မတိမ်းမယိမ်း ရှိခဲ့ပါတယ်။ ဒီနောက် သာမန်ပွဲကစားချိန် မိနစ် ၉၀ မှာ တဂိုးစီ သရေကျပြီး အချိန်ပိုဆက်ကစားရာမှာလည်း တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ ပယ်နယ်တီ အဆုံးအဖြတ် ကန်သွင်းခဲ့ရပါတယ်။ ပယ်နယ်တီမှာတော့ အိမ်ရှင် ချဲလ်ဆီးက လေးဂိုး ဝင်ပြီး ဖရန့်ဖတ်က သုံးဂိုးပဲ ရတဲ့အတွက် ချဲလ်ဆီးအသင်း နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်သွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဖရန့်ဖတ် တိုက်စစ်မှူးတွေရဲ့ ကန်သွင်းချက်တွေကို အကောင်းဆုံး လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တဲ့ ချဲလ်ဆီးဂိုးသမားကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ယူရိုပါလိဂ် နောက်ဆုံးဗိုလ်လုပွဲအဖြစ် ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်အသင်းနဲ့ လာမယ့် မေ ၂၉ ရက်နေ့ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up