DVB Logo
Home
မြန်မာသတင်း
သံတွဲတွင် လူအချို့ လက်နက်မှုဖြင့် တရားစွဲဆိုခံရ
DVB
·
November 2, 2012
Donate to DVB

ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်က ဗလီဆရာ ၁ ဦးနဲ့ ဗလီဂေါပကဥက္ကဋ္ဌ ၁ ဦးအပါအ၀င် လူ ၄ ဦးကို သံတွဲမြို့နယ်တရားရုံးက လက်နက်သိုလှောင်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဗလီတွေကို သက်ဆိုင်ရာအဖွဲ့စုံက ရှောင်တခင် ၀င်ရောက်စစ်ဆေးရာမှာ မြို့ပေါ်က ဂျာမေဗလီမှာ လက်နက်တချို့တွေ့ရှိရာက ဗလီဆရာ၊ ဗလီဂေါပကဥက္ကဋ္ဌနဲ့ လူငယ်  ၂ ဦးကို ဖမ်းဆီးပြီး လက်နက်သိုလှောင်မှုနဲ့ ရုံးတင်ခဲ့တယ်လို့ နယ်မြေခံ မွတ်စလင်တဦးက ပြောပါတယ်။

“ဗလီကို မီးရှို့လာရင် ပြေးလို့ရအောင်၊ ကာကွယ်လို့ရအောင် လှံ ၁ ချောင်း၊ မြားပစ်တဲ့ဆူးလေး ၁၀ ချောင်းကို ကလေး ၂ ယောက်က ကာကွယ်ဖို့ထားတာ၊ တိုက်ခိုက်ဖို့ မဟုတ်ဘူး။ အကြမ်းဖက်ဖို့ မဟုတ်ပါဘူး။ ပြဿနာဖြစ်လာရင် ကာကွယ်ထွက်ပြေးဖို့ပါ။ ဖမ်းရင် သူတို့ကိုပဲ ဖမ်းလို့ပြောတယ်။ အဲတော့ သူတို့ ၂ ယောက်ကိုပါ အားလုံး ၄ ယောက်ကို ဖမ်းပြီး မနေ့က ၁၉ (က) လက်နက်သိုလှောင်မှုနဲ့ ရုံးထုတ်ပြီးစွဲတယ်။ အာမခံမပေးဘူး။ ဒီလ ၁၂ ရက်နေ့ ချိန်းလိုက်တယ်။”

ဒီဖမ်းဆီးမှုမဖြစ်ခင်တုန်းက ရခိုင်ပြည်နယ်တွင်း မတည်မငြိမ်မှုတွေကြောင့် ဗလီကို ခဲပေါက်ခံရတာတွေ၊ ဗလီရှေ့ကနေ နှောင့်ယှက်တာတွေ ကြုံခဲ့ရပြီး ဒီအခြေအနေတွေကြောင့် တစုံတခုဖြစ်ရင် ထွက်ပြေးရင် လွယ်ကူအောင် ဒီပ္စည်းတချို့ထားရှိတာလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သံတွဲမြို့နယ်မှူးရုံးကို မေးမြန်းရာ သတင်းအရ ရှာဖွေရာမှာ ဂျာမေဗလီကနေ လက်နက်တွေဖမ်းဆီးရမိလို့ အရေးယူထားတယ်လို့ တာဝန်ကျအရာရှိက ဖြေပါတယ်။

“သံတွဲမှာ လုံခြုံရေးအရ ဘုန်းကြီးကျောင်းတွေ၊ အိမ်တွေ၊ ဂျာမေဗလီမှာရှာတော့ ဂျာမေဗလီကနေ ခဲယမ်းတော့မပါဘူး။ ဓား၊ ဂျင်ဂလိ၊ သံပိုက်လုံးတို့တွေ့တယ်။ ရဲစခန်းမှာ မနေ့က ၁၉(က)နဲ့ အရေးယူဆောင်ရွက်ထားတယ်။ တရားအုပ်ချုပ်ရေးအမိန့်နဲ့ တရားသူကြီးရမန် ၁၂ ရက်နေ့ထိ ပေးထားပါတယ်။”

ဖမ်းဆီးတရားစွဲဆိုခံရတဲ့ ဗလီဂေါပကဥက္ကဋ္ဌ ဦးတင်အောင်ရဲ့သား ကိုတင်အောင်သန်းကတော့ ဒီအမှုဟာ အာမခံပေးလို့ရတဲ့အမှုလို့ ကြားသိထားပေမယ့် မရတဲ့အကြောင်းနဲ့ သူ့ဖခင်အတွက် မြို့က ရှေ့နေနဲ့ ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်မယ်လို့ ပြောပါတယ်။

“ဥပဒေကြောင်းအရတော့ ရှေ့နေခေါ်ပြီး လုပ်နေပါတယ်၊ အာမခံကပေးလို့ရတဲ့ ပုဒ်မလို့တော့ ပြောတယ်။ ဒါပေမယ့် မပေးတော့ ကျနော်တို့လည်း ဘာမှလုပ်လို့မရဘူးပေါ့။”

ဖမ်းဆီးခံရသူတွေကို သံတွဲထောင်အချုပ်ကို ပို့ဆောင်ထားပြီး သက်ဆိုင်ရာက သူတို့ကို အာမခံမပေးဘဲ လာမယ့် ၁၂ ရက်နေ့ကို ရုံးပြန်ချိန်းထားတယ်လို့ ဆိုပါတယ်။

သံတွဲမြို့ဟာ အစ္စလာမ်ဘာသာဝင် အများစုနေထိုင်တဲ့မြို့ဖြစ်ပြီး မြို့ပေါ်မှာ ဗလီ ၅ လုံးရှိပါတယ်။ ဘုန်းကြီးကျောင်းတွေ မြို့ပြင်ဘက်မှာရှိနေတဲ့မြို့လည်း ဖြစ်ပါတယ်။
မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲအရာရှိကတော့ သံတွဲမြို့မှာ အခုချိန်ထိ မီးရှို့တာ၊ မီးလောင်တာ၊ လူသတ်တာ တခုမှ မရှိပါဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013