DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် ဒုက္ခသည်များ အာဟာရချို့တဲ့ပြီး ရောဂါဖြစ်ပွားမှု များလာ
DVB
·
November 2, 2012
ရခိုင်ပြည်နယ်တွင် ဒုက္ခသည်များ အာဟာရချို့တဲ့ပြီး ရောဂါဖြစ်ပွားမှု များလာ
Donate to DVB

ရခိုင်ပြည်အတွင်း ပဋိပက္ခကြောင့် ထွက်ပြေးခိုလှုံနေကြတဲ့ အိုးအိမ်မဲ့ဒုက္ခသည်တွေ အာဟာရချို့တဲ့ပြီး ရောဂါဖြစ်ပွားမှုနှုန်း တိုးလာနေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဝံလက်ဖောင်ဒေးရှင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကစပြီး တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူနဲ့ ရမ်းဗြဲ အစရှိတဲ့ မြို့နယ်တွေက ဒေသခံတွေဟာ နေအိမ်တွေ မီးလောင်တဲ့အတွက် အိုးအိမ်မဲ့ဖြစ်ပြီး နီးစပ်ရာ ဘုန်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။

[caption id="attachment_32639" align="alignleft" width="300" caption="မီးရှို့မှုဖြစ်ပွားခဲ့သည် ကျောက်ဖြူမြို့"][/caption]

မြောက်ဦးမြို့မှာ အိုးအိမ်မဲ့ ရခိုင်ဒုက္ခသည်ပေါင်း ၂၀၀၀ ပတ်ဝန်းကျင်ရှိပြီး မြို့ပေါ်က အလိုတော်ပြည့်ကျောင်းမှာ ခိုလှုံကြရပါတယ်။ လူများပြီး အိမ်သာနဲ့ရေ မလုံမလောက်သလို ဆောင်းတွင်းကာလ အအေးဒဏ်ခံနိုင်ဖို့ စောင်တွေနဲ့ အစားအသောက်မလုံလောက်မှုကြောင့် ရောဂါဖြစ်ပွားမှုတွေ များနေတယ်လို့ ဝံလက်ဖောင်ဒေးရှင်းအဖွဲ့ ဒါရိုက်တာတဦးဖြစ်တဲ့ ဦးသိန်းဝင်းက ပြောပါတယ်။

“မြောက်ဦးမှာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ၀င်ခိုလှုံကြတာပေါ့။ လူ ၁၀၀ နေမယ့် နေရာမှာ လူ ၆၀၀ လောက်ဖြစ်သွားတာရှိတယ်။ အဲမှာ ပြဿနာက ရေ၊ အိမ်သာ၊ သောက်သုံးရေ မလုံလောက်မှု၊ ဆောင်းတွင်းပိုင်းအေးပြီဆိုပေမယ့် သမံတလင်းပေါ်မှာ အိပ်ကြတယ်၊ ခြုံစရာစောင်တွေမပါဘူး။ အခင်းတွေမပါကြဘူး။ ကလေးတွေလည်း အာဟာရ ချို့တဲ့တာတွေဖြစ်တယ်။ အအေးမိတယ်၊ နေမကောင်းဖြစ်ကြတယ်၊ ၀မ်းပျက်ဝမ်းလျှောတွေ ဖြစ်ကြတယ်။”

ဝံလက်ဖောင်ဒေးရှင်းအဖွဲ့အနေနဲ့ ရခိုင်ဒုက္ခသည်တွေကိုသာ ကူညီနိုင်ပြီး တဖက်အုပ်စုတွေရဲ့ အခြေအနေတွေကို မသိရသလို အကူအညီလည်း မပေးနိုင်ဘူးလို့ ဆိုပါတယ်။

ဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ကတည်းဟာ ထွက်ပြေး ခိုလှုံလာကြတာဖြစ်ပြီး တာဝန်ရှိသူတွေက လာရောက်ကြည့်ရှု ထောက်ပံ့မှု မရှိတာကြောင့်  အစားအသောက်အတွက် ဒေသခံတွေဆီက အလှူခံပြီး စားသောက်ကြရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကျောက်ဖြူ၊ မြေပုံ၊ ကျောက်တော် အစရှိတဲ့ ဒေသက အခြေအနေကိုလည်း ဦးသိန်းဝင်းက အခုလို ရှင်းပြပါတယ်။

“ကျောက်ဖြူမှာ မီးလောင်တာက ရခိုင်ဘက်အခြမ်းမှာ ၁၀၄ အိမ်ပေါ့။ အဲဘက်ကလူတွေကို ၀ံလက်အနေနဲ့ မိသားစု ၁ စုကို ငွေ ၂ သောင်း၊ နောက်လိုအပ်တဲ့ ခြင်ထောင်၊ ဖျာ၊ အ၀တ်အထည်တွေ မနက်ဖြန် လှူမယ်။ စားရေးသောက်ရေးလည်း ဒီဒေသက နီးစပ်ရာလူငယ်တွေ ကောက်ခံပြီး ဆန်၊ ဟင်း လှူနိုင်သူတွေ ၀ိုင်းလှူကြတာပေါ့။ မြေပုံမှာကျတော့လည်း မိသားစု ၄၄ စုရှိတယ်၊ ရခိုင်ဘက်အခြမ်းက။ သူတို့ကိုလည်း နီးစပ်သူတွေက တတ်နိုင်တဲ့ဘက်က ၀ိုင်းကူညီပေးတယ်။ ကျောက်တော်မှာ ဒုက္ခသည်ကသိပ်မရှိဘူး၊ ဒဏ်ရာရတာ တော်တော်များတယ်။ အလောင်းရတာ ၈ လောင်း၊ ရှာမတွေ့တာ ၁၀ ၀န်းကျင်ရှိတယ်။ ဒဏ်ရာရသူက ၂၀ လောက်ရှိမယ်။”

လက်ရှိအနေအထားအရ သောက်သုံးရေနဲ့ အိမ်သာမလုံလောက်မှုအပြင် နေထိုင်ရေးအတွက် အရေးတကြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပဋိပက္ခဖြစ်ပွားချိန်ဟာ သီတင်းကျွတ် ကျောင်းပိတ်ရက်ဖြစ်နေလို့ ပညာရေး သိပ်မထိခိုက်ပေမယ့် နိုဝင်ဘာ ၅ ရက်နေ့ ကျောင်းတွေ ပြန်ဖွင့်တော့မှာဖြစ်တဲ့အတွက် ဒေသခံတွေက သားသမီးတွေရဲ့ ပညာရေးအတွက် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ မင်းပြားမြို့နယ်က စတင်ခဲ့တဲ့  တကျော့ပြန် အကြမ်းဖက်တိုက်ခိုက်မှုနဲ့ မီးရှို့မှုတွေ ထပ်မံဖြစ်ပွားပြီး မြောက်ဦး၊ မြေပုံ၊ ရသေ့တောင်၊ သံတွဲနဲ့ ရမ်းဗြဲ စတဲ့မြို့တွေထိ ကူးစက်ပျံ့နှံခဲ့တာပါ။

ပဋိပက္ခဖြစ်စဉ်တွေအတွင်း လူ ၈၄ ဦး သေဆုံး၊ ၁၂၉ ဦး ဒဏ်ရာရခဲ့ပြီး လူ ၃ သောင်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ နိုင်ငံပိုင်မီဒီယာတွေမှာ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013