Home
မြန်မာသတင်း
လွိုင်ကော်ပန်းခြံထဲက ဗိုလ်ချုပ်ကြေးရုပ်ကို ကယားပြည်နယ်အစိုးရက ရွှေ့ပြောင်းပေးမည်
နော်နိုရင်း
·
May 7, 2019
ကယားပြည်နယ်၊ လွိုင်ကော်မြို့တော်ရှိ ကန္တာဟေ၀န်ပန်းခြံထဲမှာ ထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို နေရာပြောင်းရွေ့ပေးဖို့ ကယားပြည်နယ်အစိုးရက သဘောတူ လိုက်ပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ မေ ၇ ရက်က လွိုင်ကော်မြို့ ကိန္နရာလွိုင်ကော်ဟိုတယ်မှာ ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြည်နယ်အစိုးရဘက်က ပြောင်းရွှေ့ပေးမယ်လို့ ကတိပေးခဲ့တဲ့အကြောင်း သပိတ်လူငယ်အဖွဲ့က ပြောပါတယ်။ ဒီလိုပြောင်းရွှေ့ပေးဖို့ ဝန်ကြီးချုပ်က အစည်းအဝေးအတွင်း ကတိပြုခဲ့တာဖြစ်ပေမယ့် ပြောင်းရွှေ့မယ့်နေရာနဲ့ ပြောင်းရွှေ့ရေးအစီအစဉ်ကို လာမယ့်အပတ် မေလ  ၁၄ ရက်နေ့မှာ ပြန်လည်တွေ့ဆုံ ညှိနှိုင်းကြမယ်လို့ ကြေးရုပ်ကန့်ကွက်မှုသပိတ်ကော်မတီအဖွဲ့ ပြောခွင့်ရသူ ခွန်းသောမတ်က ဒီဗွီဘီကို ပြောပါတယ်။ “ဒီနေ့ တွေ့ဆုံမှုရဲ့ ရလဒ်က ရွှေ့ပြောင်းရေးကိစ္စကျလာတယ်။ ရွှေ့ပြောင်းဖို့ ကော်မတီတခု ကိုလည်း ဖွဲ့လိုက်တယ်။ ဒါက မထုတ်ပြန်ဘူးဆိုတာ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ မှတ်တမ်း အဖြစ် ထားဖို့ပေါ့နော်။ ဆိုတော့ ဘယ်လိုရွှေ့မလဲ၊ ဘယ်နေရာမှာရွှေ့မလဲဆိုတဲ့ ကိစ္စတွေက လာမယ့် ၁၄ ရက်နေ့မှာ တွေ့မယ်။ နောက်တကြိမ်တွေ့တဲ့အခါမှာ ဒီရွှေ့ပြောင်းရေးကော်မတီကပဲ ဦးစီးပြီး ကျနော်တို့နဲ့ ဝန်ကြီးချုပ်နဲ့ ထပ်တွေ့ပြီးတော့ နေရာရှာပြီးတော့ ရွှေ့ပြောင်းနိုင်ဖို့အတွက် ညှိမယ်။ ဒီလအတွင်းမှာပဲ ကျနော်တို့ ရွှေ့ပြောင်းရေးကိစ္စကို အပြီးပြတ် ညှိနှိုင်းသွားဖို့ ရှိပါတယ်။ ” ကြေးရုပ်ရွှေ့ပြောင်းဖို့နေရာကိုတော့ ဝန်ကြီးချုပ်ကိုယ်တိုင်က ရှာမှာဖြစ်တယ်လို့ လည်းဆိုပါတယ်။ ဒီလိုညှိနှိုင်းနိုင်တာဟာ နှစ်ဖက်စလုံးက ပြည်နယ်အတွင်း ကွဲပြားနေတဲ့အရာကို ပြန်လည်စုစည်းချင်တဲ့ဆန္ဒကြောင့် ဖြစ်တယ်လို့လည်း ခွန်သောမတ်က ပြောပါတယ်။ မပြေမလည်ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြေးရုပ် ကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ကြေးရုပ်ကန့်ကွက်မှု သပိတ်ကော်မီတီနဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့   ဒီကနေ့မနက်က ၄ ပွင့်ဆိုင် တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။ အစည်းအဝေးအစပိုင်းမှာ မိန့်ခွန်းတွေ ပြောကြားအပြီး ခဏနားနေချိန်မှာတော့ အန်အာပီစီ တာဝန်ရှိသူတွေနေပြည်တော်ကို ပြန်လည် ထွက်ခွာသွားခဲ့ကြသလို ကေအန်ပီပီ ကိုယ်စားလှယ်တွေလည်း ပြန်လည်ထွက်ခွာသွားခဲ့ကြတဲ့အတွက် ကျန်တဲ့  ပြည်နယ်အစိုးရအဖွဲ့ တွေနဲ့ ကြေးရုပ်ကန့်ကွက်မှုသပိတ်ကော်မီတီတို့ မွန်းလွဲပိုင်းမှာ ဆက်လက်ဆွေးနွေး သဘောတူညီမှု ရရှိခဲ့ကြတာပါ။ ဒီကနေ့တွေ့ဆုံပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်၊ ကလလတအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်၊ မြို့မိမြို့ဖ ဦးကြည်စိန်၊ ကယန်း အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ခွန်ဘီထူး၊ ကတ်သလစ်သာသနာ ဘုန်းတော်ကြီးကျောင်း (RC) ဆရာတော် ဖိလစ်အောင်ငဲ၊ ကတ်သလစ်သာသနာ (RC) ဆရာတော် ပီတာရူအိ၊ မင်္ဂလာကျောင်း(နှစ်ခြင်း) ဆရာတော် ခူးရယ် ကျော်ထူး၊ ဦးသိန်းအောင်၊ ဦးကျော်ဝဏ္ဏအောင်၊ ဦးခွန်းမြင့်နိုင်၊ ကယန်းတိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးခွန်းအေးမောင်တို့  အသိသက်သေ အဖြစ် တက်ရောက်ခဲ့ကြတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက  ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို လွိုင်ကော် ပန်းခြံထဲကနေ ဖယ်ရှားရေးတောင်းဆို ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေက   ရာဘာကျည်နဲ့ ပစ်ခတ်လူစုခွဲခဲ့ရတဲ့အတွက် လူငယ်တချို့ ဒဏ်ရာရရှိခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024