လွှတ်တော်ကို အလေးထားကြရန် စစ်ကိုင်းတိုင်းအစိုးရ၀န်ကြီးများကိုသတိပေး

1.9K
စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဝန်ကြီးတွေအနေနဲ့ လွှတ်တော်ကို အလေးထားကြဖို့ တိုင်းလွှတ်တော် ဥက္ကဋ္ဌက သတိပေးပြောကြားလိုက်ပါတယ်။
မေလ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေး မှာ ကိုယ်စားလှယ်တဦးရဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးက လာရောက် ဖြေကြားခြင်းမရှိတဲ့အပေါ် ဝန်ကြီးတွေအနေနဲ့ လွှတ်တော်ကို အလေးထားကြဖို့ သတိပေး တိုက်တွန်းပြောဆိုခဲ့တာပါ။
စစ်ကိုင်းတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက “ကျနော့် အနေနဲ့ အစိုးရအဖွဲ့ဝန်ကြီးများကို ပြောကြားလိုပါတယ်။ ကျနော်တို့ အစည်းအဝေး အစီအစဉ်ကို ရေးဆွဲတဲ့အခါမှာ သက်ဆိုင်ရာ ဝန်ကြီးကို အကြောင်းကြားပြီးတော့မှ အစည်းအဝေး တက်နိုင်၊ မတက်နိုင်၊ မေးခွန်းကို ဖြေနိုင်၊ မဖြေနိုင် စသည်ဖြင့် ညှိနှိုင်းပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ အခုကျနော်တို့ သက်ဆိုင်ရာဝန်ကြီးက မတက်၊ မေးခွန်းကိုလည်း ကိုယ်စားဖြေခိုင်း။ နောက်တခါ ကိုယ်စားလှယ်မေးတဲ့ မေးခွန်းကို မေးတာကတမျိုး ဖြေတာကတမျိုး မကြာခဏဆိုသလို တွေ့ရပါတယ်။ ဆိုတော့ ဒါဟာ ဝန်ကြီးများ အနေနဲ့ လွှတ်တော်ကို အလေးထားဖို့၊ အနည်းငယ်အလေးထားဖို့ မှတ်ချက်ပြုလိုပါတယ်။ နောက်နောင်ကို အခုလိုမဖြစ်ရအောင် အစိုးရအဖွဲ့ဝန်ကြီးများအနေနဲ့ အထူး မေတ္တာရပ်ခံ သတိပေးလိုပါတယ်”လို့ ပြောသွားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ အစည်းအဝေးကျင်းပတိုင်း ပထမဆုံး ရှေ့ပိုင်းရက်တွေမှာသာ အစိုးရအဖွဲ့ဝင်တွေ အစုံတတ်ပြီး နောက်ရက် တွေမှာ အကြောင်းအမျိုးမျိုးကြောင့် စုံအောင် တက်ရောက်တာ မရှိပါဘူး။
မကြာခဏဆိုသလို မေးခွန်းကို ကိုယ်စားဖြေခိုင်းတာ၊ မေးခွန်းနဲ့ အဖြေလွဲတာ၊ အဖြေပါမလာတာတွေလည်း ရှိပါတယ်။ အဲဒီအပေါ်မှာလည်း ကိုယ်စားလှယ်တွေကြားမှာ အားမလိုအားမရတာ၊ ဝေဖန်တာတွေရှိနေပါတယ်။
အစည်းအဝေးမှာ ချောင်းဦးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က မြို့နယ်တွင်း ငါးလုံးတင်ရွာမှာ အလှူရှင်တဦးက ဆေးခန်းဆောက်လုပ်ဖို့ မြေ ၄ ဧကခွဲကို လှူဒါန်းထားပြီး ဆေးခန်းဆောက်လုပ်ပေးဖို့ အစီအစဉ်ရှိမရှိဆိုတာနဲ့ပတ်သက်ပြီး မေးမြန်း ခဲ့တာပါ။
မေးခွန်းကို လှုမှုရေးဝန်ကြီးရဲ့ ကိုယ်စား စည်ပင်ဝန်ကြီးက မလုပ်ပေးနိုင်သေးတဲ့ အကြောင်းကို ကိုယ်စားဖြေကြားခဲ့တာပါ။